Business Marketing

ဝယ်သူလည်းကြိုက် အမြတ်လည်းများစေတဲ့ MVP (Minimum Viable Product)

Read 1957 times
ဝယ်သူလည်းကြိုက် အမြတ်လည်းများစေတဲ့ MVP (Minimum Viable Product)

တစ်ခေတ်တစ်ခါက ကက်ဆက်ဆိုတဲ့အရာဟာ အိမ်ရှေ့ဧည့်ခန်းမှာ ရှိုးထုတ်တဲ့ အဆောင်အယောင်ဖြစ်ခဲ့တာပါ။

ဒါကို ဆိုနီအီလက်ထရောနစ် အဖွဲ့အစည်းရဲ့ ဆန်းသစ်မှုနဲ့ လမ်းလျှောက်ရင်း နားထောင်နိုင်မယ့် ကက်ဆက် (Cassette) က အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

တိပ်သား၊ စီဒီနားထောင်နိုင်တဲ့ အိပ်ဆောင် ကက်ဆက်လေးတွေရဲ့ တစ်ခေတ်အလွန်မှာ သီချင်းတွေကိုပါ သိမ်းဆည်းထားနိုင်တဲ့ i-Pod လို နည်းပညာတွေက ဆန်းသစ်ခဲ့ပြန်ပါတယ်။

ဈေးကွက်မှာ ဦးဆောင်နိုင်ဖို့ အတွက် အသစ် အသစ် သော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ဖန်တီးနိုင်ဖို့ လိုပါတယ်။

သို့သော်လည်း မိမိရဲ့ လက်ရှိ ဈေးကွက်ရပြီးသား ရောင်းကုန်ကို အသစ် ဆန်းသစ်ခြင်းဟာ အင်မတန် စိန်ခေါ်မှု ကြီးမားပါတယ်။

အသစ်မထုတ်လို့လည်းမဖြစ်၊ ရပြီးသားဈေးကွက်ပါ ပျောက်သွားမှာလည်း စိုးရိမ်ရတဲ့ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ခြင်းကြောင့် အောင်မြင်သူ၊ ကျရှုံးသူတွေ ရှိပါတယ်။

ဝယ်သူလည်းကြိုက်၊ အမြတ်လည်းများတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ဖန်တီးနိုင်မယ့် နည်းလမ်းအဆင့်ဆင့်ကို ချဉ်းကပ်ကြည့်ချင်မိပါတယ်။

 

ရောင်းသူသိရမယ့် ဝယ်သူအကြောင်း

ဒီအဆင့်ဟာ အရေးအကြီးဆုံး အဆင့်ပါ။ ရောင်းမယ့်သူဟာ ဘယ်လိုလူမျိုးကို ရည်ရွယ်ထားတာလဲ ဆိုတာ အတိအကျ သတ်မှတ်ထားရှိဖို့ လိုပါတယ်။

ရည်ရွယ်တဲ့ ဝယ်သူ အမျိုးအစား သတ်မှတ်ချက် မှားယွင်းပြီဆိုတာနဲ့ နောက်ပိုင်း အဆင့်တွေဟာ အသုံးမဝင်တော့ပါဘူး။

ဒါ့ပြင် လူတိုင်းကိုရည်ရွယ်တဲ့ ကုန်ပစ္စည်းဟာ မရောင်းရပါဘူး။ ကုန်ပစ္စည်း တစ်ခုချင်းစီအလိုက် ရည်ရွယ်တဲ့ ဝယ်သူ အမျိုးအစားကို တိကျစွာ သတ်မှတ်ထားရပါမယ်။

သတ်မှတ်ပြီးတဲ့ ဝယ်သူရဲ့ အခက်အခဲ၊ မျှော်လင့်ချက်နဲ့  အခြားအခြေခံ အချက်အလက်တွေကိုလည်း လေ့လာသိရှိဖို့ လိုပါတယ်။

အခက်အခဲ၊ မျှော်လင့်ချက်တို့ကို လေ့လာတဲ့အခါ အပေါ်ယံ သတ်မှတ်ချက်မျိုးနဲ့  ကောက်ချက်မချဖို့  လိုပါတယ်။ ရောင်းချင်ရင် ဝယ်သူလို စဉ်းစားဖို့လိုပါမယ်။

ဝယ်သူနေ့စဉ် ကြုံ တွေ့နေရတဲ့ အခြေအနေ၊ လူမှုရေးဖိအားနဲ့  ခံစားချက်အခြေအနေ စတာတွေကိုလည်း ထည့်သွင်း စဉ်းစားရပါမယ်။ ရောင်းဖို့ရည်ရွယ်တဲ့ ဝယ်သူတွေရဲ့  အခက် အခဲ၊ မျှော်လင့်ချက်နဲ့  အခြေခံ အချက်အလက် တွေကို စာရင်းပြုစု ထားရပါမယ်။

 

ဝယ်သူကို ဘာတွေ ဖြည့်ဆည်းပေးမှာလဲ

စာရင်းပြုစုပြီးသော ရည်ရွယ်ထားတဲ့ ဝယ်သူအကြောင်းကို ပြန်လေ့လာဖို့လိုပါမယ်။ ရောင်းမယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဟာ ဝယ်သူရဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်ဖို့ လိုပါမယ်။

ဝယ်သူရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရင်းနဲ့  ဝယ်သူကို အားသာချက်ရရှိစေရပါမယ်။ ဒါ့ပြင် ဝယ်သူရဲ့ လုပ်ငန်းဆောင်တာတွေ၊ အခြေခံအကြောင်းခြင်းရာတွေကို ပံ့ပိုးနိုင်ဖို့လည်းလိုပါမယ်။

ဒီလို အချက်အလက်တွေ ပါဝင်မယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဟာ ဝယ်သူကို အသေအချာ စွဲဆောင်နိုင်မှာပါ။

ထုတ်လုပ်မယ့် ကုန်ပစ္စည်းမှာ ဒီလိုအချက်အလက်တွေကို စနစ်တကျ ဖြည့်ဆည်း ပေးဖို့  အားထုတ်ရမယ့် အဆင့်လည်း ဖြစ်ပါတယ်။

များစွာသော အချက်အလက် တွေအားလုံး ပြည့်မှီဖို့ ထက် အဓိကကျတဲ့ အချက်အလက်တွေနဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တစ်ခုကို ပုံကြမ်းဖော်ရပါမယ်။

 

ရောင်းချင်ရင် ဝယ်သူကိုမေးပါ

အလုံးစုံ ပြီးပြည့်စုံတဲ့အထိ စောင့်ဆိုင်းဖို့ မလိုပါဘူး။ ပုံကြမ်းပေါ်လာတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုပုံစံငယ်ဟာ ရောင်းသူ တစ်ဖက်သက်ဖန်တီးထားတာဖြစ်လို့  အလုံးစုံပြည့်စုံတဲ့အထိ ဖန်တီးနေမယ်ဆိုရင် အပိုကုန်ကျစရိတ်များပြားပြီး အချိန်လည်းဖြုန်းရာလည်းရောက်ပါတယ်။

ဝယ်သူကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ရောင်းသူ တစ်ဖက်သက် ဖန်တီးထားတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဟာ ဝယ်သူစိတ်ကြိုက်ဖြစ်လာဖို့  ခဲယဉ်းပါတယ်။

ဝယ်သူတွေထဲမှာ အသစ်အသစ်ကိုမှ စမ်းသပ် အသုံးပြုလိုသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရရှိလာတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုပုံစံငယ်ကို အရင်ဦးဆုံး သူတို့ကို စမ်းသပ်အသုံးပြုစေနိုင်ဖို့  စီစဉ်ရပါမယ်။

စမ်းသပ်အသုံးပြုပေးတဲ့အတွက်လည်း အထူးအခွင့်အရေး အချို့ ကိုလည်း ပေးရပါတယ်။

သူတို့  အသုံးပြုပြီးတဲ့အခါ အခက်အခဲ၊ မျှော်လင့်ချက်နဲ့  အခြားအခြေခံ လုပ်ငန်းစဉ်တွေမှာ အထောက်အကူ ပေးနိုင်မှုအတိုင်း အတာကို စစ်တမ်းကောက်ဖို့ လိုပါမယ်။

ဝယ်သူကိုယ်တိုင် ပါဝင် ဖန်တီးတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုသာလျှင် ဝယ်သူစိတ်ကြိုက် ဖြစ်မှာပါ။

 

ဒုတိယအကြိမ် ပုံစံငယ်တည်ဆောက်ခြင်း

စစ်တမ်းကောက်ယူရရှိပြီး အချက်အလက်တွေကို အသေအချာ ပြန်လည်လေ့လာဖို့ လိုပါတယ်။

အချက်အလက်တွေ အားလုံးကို ပြည့်မီအောင် ထည့်သွင်းရင် ကုန်ကျစရိတ် အင်မတန် များပြားလာကာ အမြတ်အစွန်းရဖို့  အားထုတ်တဲ့ အခါ မှာလည်း ဈေးနှုန်း သတ်မှတ်ချက် ပိုမိုမြင့်မားသွားစေနို်င်တာကို သတိပြုဖို့လိုပါမယ်။

ဝယ်သူ အများဆုံး လိုအပ်ပြီး အခြေခံကျကာ အရေးပါတဲ့ အချက် အလက်တွေကို ဦးစားပေး စဉ်းစားဖို့ အရေးကြီးပါတယ်။

နောက် မှသာ နောက်ထပ် အချက်အလက်တွေကို ထပ်မံဖြည့်ဆည်းပေးဖို့  အဆင့်ဆင့် အားထုတ်ခြင်းဟာ ပိုမိုလက်တွေ့ကျပါတယ်။

ဝယ်သူရဲ့ တုံ့ပြန်မှုကို စဉ်ဆက်မပြတ်လေ့လာပြီး နောက်ထပ်နောက်ထပ် အသွင်အပြင် အသစ်အသစ်တွေနဲ့ ဖန်တီးနေမယ်ဆိုရင်

ဝယ်သူစိတ်ကြိုက် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခု ဖြစ်လာမှာပါ။ ရောင်းသူ သိထားသင့်တဲ့ MVP (Minimum Viable Product) ဖန်တီးမှု အသစ်သစ်တွေတိုင်းမှာ အခြေခံ အချက် နှစ်ချက်ကို သုံးသပ်ဖို့လိုပါတယ်။

အထူးသဖြင့် လုပ်ငန်းအသစ်တွေအနေနဲ့  ပိုပြီး ဂရုပြုဖို့ လိုအပ်ပါတယ်။ ပထမအချက်က ဖန်းတီးမှုအသစ်တွေ၊ နည်းပညာ အသစ်တွေဟာ ကုန်ကျစရိတ် ကြီးမြင့်တတ်ပါတယ်။

လုပ်ငန်းသစ်တစ်ခုရဲ့ ကုန်ပစ္စည်းအသစ်ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ် မှု တွေရှိပါမယ်။ ကုန်ကျစရိတ် များရင် များသလို ပြည့်စုံတဲ့ ကုန်ပစ္စည်း တစ်ခု ဖန်တီးနိုင်ပေမယ့် တတ်နိုင်သမျှ အနည်းဆုံး (Minimum) ဖြစ်အောင် စရိတ်ချုံ့ဖို့ လိုပါတယ်။

သို့သော်လည်း ဝယ်သူတွေအတွက် မဖြစ် မနေလိုအပ်တဲ့ အချက်အလက်တွေတော့ မဖြစ်မနေပါရှိရပါမယ်။ ဒါမှလည်း ထုတ်လုပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဟာ ဈေးကွက်မှာ ရှင်သန်နိုင်မှာပါ။

ဒီလိုရင်းနှီး မြှုပ်နှံမှုအပေါ် အကျိုးအမြတ်ရဖို့နဲ့  ဈေးကွက်ထဲမှာ ရှင်သန်နိုင်မယ့် ကုန် ပစ္စည်း ဖြစ်ဖို့ ဆိုတဲ့ အစွန်းနှစ်ဖက်ကြားမှာ တည်ရှိ တာ အခြေခံလိုအပ် ချက်များနဲ့  ပြည့်စုံတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (Minimum Viable Product - MVP) ဖြစ်ပါတယ်။

MVP ရဲ့ ရည်ရွယ်ချက် အခြေခံလိုအပ်ချက်တွေနဲ့  ပြည့် စုံတဲ့ ပုံစံငယ်ထုတ်လုပ်ခြင်းဟာ ရင်းနှီး မြှုပ်နှံမှု အသက်သာဆုံးနဲ့ ကုန် ပစ္စည်း ပုံစံငယ်တစ်ခု စမ်းသပ်ထုတ်လုပ်နိုင်စေပါတယ်။

ဒါဟာ အလုံးစုံ ပြည့်စုံတဲ့ ပုံစံအထိရောက်အောင် ထုတ်လုပ်ပြီးမှ ဈေးကွက်နဲ့ ကိုက်ညီမှုမရှိလို့  အလေအလွင့်ကုန်ကျမှုကိုလည်း သက်သာစေပါတယ်။

အသစ် အသစ်ကို စမ်းသပ် သုံးစွဲလိုတဲ့ ဝယ်သူတွေ အတွက်လည်း အဆင်ပြေသလိုရလာတဲ့ တုံ့ ပြန်မှုတွေဟာ ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် အရေးပါပါတယ်။

အခြေခံ လိုအပ်ချက်များနဲ့  ပြည့်စုံတဲ့ ပုံစံငယ်လေးကို အဆင့်ဆင့် ပုံဖော်ရင်းနဲ့ ကုန်ကျစရိတ် သက်သာပြီး ဝယ်သူကိုယ်တိုင် ဖန်တီးတဲ့ ကုန်ပစ္စည်းထုတ်လုပ်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေ အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

Recommended for you-လုပ်ငန်းကို ဗျူဟာနှင့်ကယ်တင်ခြင်း

Credit; ဒေါက်တာထက်ဇံလင်း

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်းထွက်ရှိနေပါပြီနော်...။

 

Directory Book 1