အမေရိကန်ကိုရောက်ခါစမှာသူဟာကြုံရာအလုပ်လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသူ။
နေစရာမရှိလို့ သူငယ်ချင်းရဲ့ကားထဲမှာဘဲတစ်ပတ်လောက်ညအိပ်ခဲ့ရပါတယ်။
ဂျပန်အစာဆူရှီလုပ်နည်းကို တစ်ပတ်တည်းနဲ့အတတ်သင်ယူခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နိုင်ငံအနှံမှာ ဆူရှီဆိုင်တွေဖွင့်ရင်း အောင်မြင်လာခဲ့တယ်။
၂၀၁၁ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘာမားက အိမ်ဖြူ တော်ကို ဖိတ်ခေါ်ပြီး ချီးကျူးဂုဏ်ပြုခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ သူပါဝင်ခဲ့ပါတယ်။
ဖိတ်ခေါ်ဂုဏ်ပြုခံရတဲ့ အကြောင်းကတော့ အမေရိကန်စီးပွားရေးကျဆင်းချိန်မှာ သူ့ကုမ္ပဏီက အမေရိကန်နိုင်ငံသားများစွာကို အလုပ်ပေးထားနိုင်ခဲ့လို့ပါ။
သူဟာ အမေရိကန်မှာ မီလျံနာသူဌေးတစ်ယောက်ဖြစ်နေပါပြီ
ဒါပေမယ့် သူဟာအောင်မြင်မှုကို လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။
သူဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ ဖတ်ကြည့်လိုက်ပါ!
ဖိလစ်မောင်ရဲ့ အဘိုး အဘွားတွေက တရုတ်ပြည်မကဖြစ်ပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ရေကြည်ရာမြက်နုရာရှာရင်းနဲ့ မြန်မာပြည်မှာအခြေချနေထိုင်ခဲ့ကြပါတယ်။
သူ့အဖေနဲ့ အမေဟာ မြန်မာပြည်မှာမွေးဖွားခဲ့သူတွေဖြစ်ကြပါတယ်။
အဖေက စီးပွားရေးလုပ်ငန်းလုပ်ပေမယ့် ရရစားစားနဲ့ ဖိလစ်တို့မောင်နှမခြောက်ယောက်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲချို့တဲ့ခဲ့ကြပါတယ်။
ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ သူ့အဖေရဲ့ ဝက်ခေါက်ကင်လုပ်ရာမှာဝင်ကူပြီး ဝက်ခေါက်ကအမွှေးတွေကို ဇာဂနာနဲ့ တစ်ချောင်းစီဆွဲနှုတ်ကြရတာဖြစ်လို့ တော်တော်ပင်ပန်းတဲ့အလုပ်ပါ။
တစ်ခါတစ်လေ သူတို့ဟာ ညဥ့်နက်သန်းခေါင်ထိတောင်လုပ်ကြပါတယ်။
ဖိလစ်က အဲဒီဆင်းရဲပင်ပန်းမှုကို ဘဝပေး သင်ခန်းစာတစ်ခုလို့မှတ်ယူလိုက်ပြီး"ဆင်းရဲရင် ဒီလို ပင်ပင်ပန်းပန်း လုပ်ကိုင်ရပါလား"ဆိုတဲ့အသိကို ငယ်ငယ်ရွယ်ရွယ်နဲ့ရလိုက်တယ်။
သူကစာအရမ်းကြိုးစားလို့ စာမေးပွဲတွေမှာ ထိပ်ဆုံးအဆင့်ကနေအောင်လေ့ရှိပြီး ညမအိပ်ခင်မှာ အင်္ဂလိပ်ဝတ္ထုရှည်တွေကိုဖတ်တယ်။
ဒေးလ်ကာနက်ဂျီရေးတဲ့"How To Win Friends and Influence People"စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ပြီး လူတွေနဲ့ဆက်ဆံရေးမှာလက်တွေ့စမ်း သုံးကြည့်တယ်။
၁၀တန်းကို ဂုဏ်ထူးနဲ့အောင်ပြီး ဆေးတက္ကသိုလ်ကိုတက်တယ်။
၃လအကြာမှာ မိဘတွေက နိုင်ငံခြားသားဖြစ်လို့ဆိုပြီး ကျောင်းဆက်တက်ခွင့်မရတော့ပါဘူး။
အဲဒီခေတ်မှာ အစိုးရကနိုင်ငံခြားသာသွေးနှောသူတွေကို ဆရာဝန်၊အင်ဂျင်နီယာစတဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ ပညာသင်ယူခွင့်မပေးလို့ပါ။
အဲဒါနဲ့ ဝိဇ္ဇာနဲ့သိပ္ပံဘွဲ့ဘဲယူပြီး ထိုင်ဝမ်နိုင်ငံကို စကောလားရှစ်ရလို့ဆိုပြီး ကျောင်းသွားတက်ပြီး တရုတ်စာမှာအားနည်းလို့ ပထမနှစ်မှာတင်ကျောင်းထွက်လိုက်ရတယ်။
မြန်မာပြည်ကိုပြန်ရင်လည်း စီးပွားရေးလုပ်စားလို့အဆင်ပြေမှာမဟုတ်လို့ ထိုင်ဝမ်ကနေ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျောက်လိုက်တယ်။
သူ့အသက်၂၂နှစ်မှာ ထိုင်ဝမ်ကနေလေယာဉ်စီးပြီး အမေရိကန်နိုင်ငံ လော့စ်အင်ဂျဲလိစ့်မြို့ကို ၁၃ဒေါ်လာဘဲကိုင်ကာ ထွက်လာခဲ့တယ်။
အမေရိကန်မှာ ဆွေးမျိုးအပေါင်းအသင်းမရှိဘဲ "မစွန့်စားရဲရင် မအောင်မြင်နိုင်ဘူး"ဆိုတာလက်ကိုင်ထားပြီးထွက်လာခဲ့တယ်။
အမေရိကန်ရောက်တော့ ပတ်စပို့စ်မှာပါတဲ့"မောင်ဖုန်းလွင်"ဟာ "ဖုန်းလွင်မောင်"ဖြစ်သွားပြီး အမေရိကန်တွေခေါ်ရခက်တာကြောင့် သူ့ကိုယ်သူ"ဖိလစ်မောင်"လို့ပေးလိုက်တယ်။
ဒီလိုနဲ့နေစရာမရှိ၊အလုပ်မရှိဘဲတစ်ပါတ်ကျော်လောက် စိတ်အဆင်းရဲဆုံးအချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး၊အခက်အခဲတွေအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။
မကြာခင်သူအထည်ချုပ်တဲ့စက်ရုံတစ်ခုမှာ အလုပ်ရလို့ အခန်းကျဉ်းလေးထဲမှာငှါးနေလိုက်တယ်။
နောက်တော့ ဓာတ်ဆီဆိုင်မှာ ညပိုင်းဆီဖြည့် ကားရေဆေးတဲ့အလုပ်ရတော့ စာအုပ်တွေပိုဖတ်ချိန်ရလာပြီး စီးပွားရေးနဲ့ဆိုင်တဲ့စာအုပ်တွေ ပိုဖတ်ဖြစ်တယ်။
ဘီလျံနာသူဌေးကြီးDonal Trumpအကြောင်းနဲ့ သူ့ရဲ့ အိမ်ခြံမြေလုပ်ငန်းကနေ ကြီးပွားချမ်းသာလာတဲ့အကြောင်းတွေကို သဘောကျပြီး၊အိမ်ခြံမြေဝယ်/ရောင်း သင်တန်းတက်လိုက်တယ်။
ဒါပေမယ့်လိုင်စင်ရတော့ အဲ့အလုပ်ကိုစိတ်မပါတာနဲ့သူတကယ်လုပ်ချင်တဲ့ အကြောင်းအရာကိုသေချာစဉ်းစားတော့မှ အစားအသောက်ရောင်းတဲ့လုပ်ငန်းဖြစ်နေတယ်။
အမေရိကန်တွေက ဆူရှီSushi(ထမင်းနဲ့ငါးစိမ်း၊ရေညိုနဲ့လုပ်ထားတဲ့ ဂျပန်အစာ)ကိုနှစ်ခြိုက်ကြတာကြောင့် ဆူရှီဆိုင်ဖွင့်ပြီးရောင်းဖို့ စိတ်ကူးလိုက်တယ်။
ဒါပေမယ့် သူဟာဆူရှီမစားဘူးလို့ ဆူရှီဆိုင်တစ်ဆိုင်မှာ ဆူရှီစားကြည့်ပြီး အရသာနဲ့ဆိုင်အပြင်အဆင်ကိုပါ သဘောကျသွားတယ်။
ဆူရှီဆိုင်ဖွင့်နိုင်မယ် နည်းလမ်းတွေရှာရင်း AFCဆူရှီဆိုင်တွေဖွင့်ထားတဲ့ သူဌေးကြီး ရန်ချိုကိုသွားတွေ့ပြီး သူနေတဲ့ လော့အင်ဂျဲလိမှာ ဆူရှီဆိုင်ဖွင့်ခွင့်တောင်းတယ်။
ရတဲ့အမြတ်ကိုခွဲပေးပါ့မယ်။
သူကရန်ချိုကို"ကျနော်ဆိုင်အနောက်ဖက်မီးဖိုခန်းကနေ လိုတာတွေလုပ်ပေးပါ့မယ်၊လုပ်အားခပေးစရာမလိုပါဘူး။
ဆူရှီလုပ်နည်းတတ်ဖို့ အချိန်တစ်ပတ်ပဲပေးပါ။
တစ်ပတ်အတွင်းတတ်အောင်သင်ပါ့မယ်"..ဆိုပြီးပြောတော့ သူ့စိတ်အားထက်သန်မှုကို သဘောကျပြီး ဆိုင်ဖွင့်ခွင့်ပေးလိုက်တော့တယ်။
တစ်ပတ်အတွင်းမှာ အပြင်းအထန်လေ့လာပြီး ပင်ပန်းလာချိန်တိုင်း ဝက်ခေါက်ကအမွှေးတွေကိုတစ်ချောင်းချင်းစီ အကြာကြီးနှုတ်ရတာလောက်တော့ မပင်ပန်းပါဘူးလို့ သူ့ကိုယ်သူပြောရင်းစိတ်ဖြေတယ်။သူက-
"ကျနော်အဓိကထားလေ့လာတာက လာစားသူတွေကို ဘယ်လိုဆက်ဆံတယ်၊ဘယ်လိုဝန်ဆောင်မှုပေးတယ်ဆိုတာကိုပါ။
လုပ်ငန်းလုပ်တယ်ဆိုတာ ပစ္စည်းရောင်းချင်းထက် ဝန်ဆောင်မှုပေးတာက အဓိကပိုကျပါတယ်" လို့ပြောပါတယ်။
လအနည်းငယ်အကြာမှာ AFC လက်အောက်ကနေဆိုင်ခွဲတွေဖွင့်လာနိုင်ပြီး၊သူနဲ့သိလာတဲ့ သူဌေးတွေက ကိုယ်ပိုင်လုပ်ဖို့တိုက်တွန်းတဲ့အတွက် AFCနဲ့လမ်းခွဲလိုက်တယ်။
ဒါပေမယ့် အစုငွေထည့်ဖို့ သဘောတူညီမှုမရတာကြောင့် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်မယ့် အစီအစဉ်ပျက်ပြီး သူဌေးရန်ချိုရဲ့အောက်မှာပြန်ဝင်လုပ်ခဲ့တယ်။
နောက်နှစ်နှစ်အကြာ ၁၉၉၈မှာတော့AFCနဲ့လမ်းခွဲကာ သူစုထားတဲ့ပိုက်ဆံတွေရယ်၊
credit cardတွေရယ်၊ချေးယူထားတဲ့ပိုက်ဆံတွေပေါင်းပြီးတော့ "ဟီရှိုဆူရှီ"(Hissho Sushi)ကျိမ်းသေပေါက်အောင်မြင်မှုလို့ ခေါ်တဲ့ဂျပန်နာမည်ခေါ်တဲ့ ဆူရှီဆိုင်ဖွင့်ပြီး
Kristina Tongလို့ခေါ်တဲ့မြန်မာအမျိုးသမီးနဲ့ ချစ်ကြိုက်ပြီး လက်ထပ်လိုက်ပါတယ်။
ဆိုင်သစ်တွေဆက်တိုက် တိုးချဲ့ဖွင့်နေရပြီး ၁၀နှစ်တာကာလမှာဆိုင်တွေ အများကြီးဖွင့်နေရလို့ဝန်ထမ်းတွေလဲ အများကြီးခန့်နေရတယ်။
အမေရိကန်ရဲ့ ပြည်နယ်ပေါင်း၄၀မှာ ဆိုင်ပေါင်း၇၀၀ကျော် ဖွင့်နိုင်ခဲ့ပါတယ်။
စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့တွေများနေတဲ့ ၂၀၀၈ခုနှစ်မှာ သူ့ဆူရှီဆိုင်တွေက အမေရိကန်လူမျိုးများစွာကို အလုပ်ပေးနိုင်ခဲ့တယ်။
အဲဒီအတွက်ကြောင့် ၂၀၁၁ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကိုဖိတ်ပြီးဂုဏ်ပြုတဲ့လအခမ်းအနားကို တက်ရောက်ရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ
ဖိလစ်တစ်ယောက်ပါဝင်ခဲ့ရသလို သူဟာသမ္မတကတော်ထိုင်တဲ့ရှေ့ဆုံးတန်းကထိုင်ခုံမှာ နေရာယူထိုင်ခွင့်ရခဲ့ပါတယ်။
စနေမနား၊တနင်္ဂတွေမနားလုပ်ပြီးကြိုးစားခဲ့ကြလို့ ကုမ္ပဏီဟာအောင်မြင်လာပြီး ဆိုင်သစ်တွေအများကြီးဖွင့်နိုင်ခဲ့ပေမယ့် နှစ်တွေကြာလာတဲ့အခါ ဝန်ထမ်းတွေက မပျော်ကြတော့ပါဘူး။
သူတို့တွေက လစာလည်းကောင်းကောင်းရနေကြတာမို့ သူတို့ကို ငွေနဲ့ဆွဲဆောင်လို့မရတော့ဘူးဆိုတာ သိနေပါတယ်။
၂၀၀၉ခုလောက်မှာထင်တယ် ကျနော့်ဆရာတစ်ယောက်လက်ဆောင်ပေးတဲ့"Good to Greate:Why Some Companies Make the Leap and Other Don´t"ဆိုတဲ့စာအုပ်ကနေ
ကုမ္ပဏီတွေဟာ အမြတ်ငွေတစ်ခုတည်းအတွက် လုပ်ရင်ရေရှည်မရပ်တည်နိုင်ဘူးဆိုတာကိုသိခဲ့ပြီး ဝန်ထမ်းတွေအတွက် ထုံးတမ်းယဉ်ကျေးမှု(Culture)တွေရှိသင့်တယ်ဆိုတာတွေကိုသိခွင့်ရခဲ့တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ဟီရှိုဆူရှီရဲ့ Cultureကိုစတင်အကောင်အထည်ဖော်လိုက်တယ်။
ဝန်ထမ်းတွေကို တစ်ပတ်မှာနှစ်ကြိမ် Yogaကျင့်ပေးတာ၊အပန်းဖြေကစားကွင်းတွေလုပ်ပေးတာ၊စာကြည့်တိုက်တွေ၊မွေးနေ့တွေလုပ်ပေးတာနဲ့ အိမ်ယာမဲ့တွေ၊သက်ကြီးရွယ်အိုတွေအတွက်လုပ်တဲ့ လူမှုရေးတွေမှာပါဝင်ဖို့ အားပေးတယ်။
အဲဒီနောက်မှာတော့ ဝန်ထမ်းတွေပျော်ရွှင်ပြီး အလုပ်လုပ်လာကြတယ်။
လုပ်ငန်းစလုပ်ကတည်းကCulture အကြောင်းကိုသိခဲ့ရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့ သူတွေးနေမိတော့တယ်။
"ကျနော်တို့ဟာ ဝန်ထမ်းတွေကို အကောင်းဆုံးကုန်ပစ္စည်းတွေဖြစ်လာအောင် ဘယ်လိုထုတ်လုပ်ရမယ်၊
အကောင်းဆုံးဝန်ဆောင်မှုတွေ ဘယ်လိုပေးရမယ်ဆိုတဲ့ သင်တန်းတွေ ဘယ်လောက်ပေးပေး ကုမ္ပဏီကဝန်ထမ်းတွေကိုဂရုမစိုက်ဘူးဆိုရင် အကောင်းဆုံးရလဒ်တွေကိုရနိုင်မှာမဟုတ်ပါဘူး။
ဝန်ထမ်းတွေကိုပျော်အောင်လုပ်ပေးဖို့က အရေးကြီးပါတယ်"လို့ဖိလစ်မောင်က ရှင်းပြထားပါတယ်။
ဖိလစ်မောင်ရဲ့ မှတ်သားစရာစကားများ
မိမိလုပ်နေတဲ့အလုပ်ဟာ စိတ်ထဲမှာ အရမ်းလုပ်ချင်နေတဲ့ အလုပ်မျိုးဖြစ်ပါစေ၊ လူအများ လုပ်တာတွေမလုပ်ပါနဲ့၊
ငွေနောက်မလိုက်ပါနဲ့။အလုပ်ကိုချစ်လို့ စိတ်ရောကိုယ်ပါလုပ်နေရင်းနဲ့ ကြီးပွားအောင်မြင်မှုကနောက်ကလိုက်လာမှာပါ။
မိမိလုပ်နေတဲ့အလုပ်မှာ စိတ်မဝင်စားရင်ဆက်မလုပ်ပါနဲ့၊ စိတ်ဂင်စားတဲ့ အလုပ်ကိုပြောင်းလုပ်ပါ။
ဝန်ထမ်းတွေအလုပ်ထဲမှာ စိတ်မပါတော့ဘူးဆိုရင် အဲဒါလုပ်ငန်းကျရှုံးမှုရဲ့အစပါဘဲ။
ငွေနောက်ကိုချည်းမလိုက်ပါနဲ့။ အလုပ်နဲ့မိသားစုဘဝဟာ မျှတပါစေ။
လုပ်ငန်းကို အစဉ်တိုးတက်အောင် လုပ်နေရမယ်။ဒါမှကိုယ့်ပြိုင်ဖက်ဟာ ကိုယ်ဘာလုပ်မယ်ဆိုတာ မှန်းဆလို့ မရနိုင်မှာပါ။
Recommended for you-သူဌေးကြီး ရော့ဖဲလားရဲ့ ချက်လက်မှတ် တစ်စောင်
Credit;dollar media and marketing group