Life Hacks

နှစ်သစ်မှာ အရာရာအောင်မြင်တိုးတက်ဖို့ ဒီအစီအစဉ်လေးတွေနဲ့ စတင်ကြရအောင်

Read 211 times
နှစ်သစ်မှာ အရာရာအောင်မြင်တိုးတက်ဖို့ ဒီအစီအစဉ်လေးတွေနဲ့ စတင်ကြရအောင်

ဒါဆိုရင်တော့ နှစ်သစ်အတွက် ဒီအစီစဉ်လေးတွေချမှတ်ပြီး အကောင်းဆုံး တူတူ ကြိုးစားလိုက်ကြရအောင်။

 

() ရငွေ၊ သုံးငွေ စိစစ်မယ်

နှစ်သစ်မှာ အရေးကြီးဆုံးက နှစ်ဟောင်းက ကိုယ်ရှာခဲ့သလောက် ကိုယ့်အတွက် တစ်ခုခု အကျိုးရှိတာ ကျန်ခဲ့လား? အကျိုးရှိတဲ့ အရာတွေအတွက် ကိုယ်သုံးခဲ့တာလား? ဖြုန်းတီးခဲ့မိတာလားဆိုတာ သေချာပြန်ဆန်းစစ်ကြည့်ဖို့ပါ။ ကိုယ်ပင်ပင်ပန်းပန်းရှာခဲ့ရသလောက် ကိုယ့်ဘဏ်အကောင့်လေးထဲက သုညလေးတွေနည်းနေသေးရင်၊ ကိုယ့်အတွက် ပညာ၊ဗဟုသုတ တစ်ခုခုမှ ရမလာသေးရင်တော့ မဖြစ်သေးဘူးနော်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ သုံးငွေကို အပိုကုန်ပေါက်တွေလျှော့ပြီး တစ်ကိုယ်စာစနစ်တကျသုံးတတ်ဖို့ ပြန်စိစစ်လိုက်ကြရအောင်။ ငွေယိုပေါက်တွေပိတ်နိုင်လေ ဘဏ်ထဲက ဂဏန်းလေးတွေ တိုးလာလေပါပဲ။

 

() ပိုက်ဆံစုကြမယ်

ကိုယ့်တစ်ကိုယ်စာအသုံးစရိတ်ကို ချုံ့ပြီးရင် တခြားသော ကိုယ့်အနာဂတ်ရှေ့ရေးအတွက်၊ အလှုအတန်းအတွက်၊ အပန်းဖြေခရီးအတွက်၊ လေ့လာချင်တဲ့ သင်တန်း၊ ပညာရပ်တွေအတွက်၊ မိသားစုအတွက် သူ့အခန်းကဏ္ဌအလိုက် ပိုက်ဆံလေးတွေ သီးသန့်စနစ်တကျ စုကြရအောင်လား။ စုကျင့်မရှိသေးသူတွေအတွက် နိုင်ငံခြားရုပ်ရှင်ကားတွေထဲကလို သူ့ရည်မှန်းချက်အလိုက် ဘူးလေးတွေနဲ့ အရင်စစုကြည့်ရင် ပြည့်ပြည့်လာတဲ့ပိုက်ဆံလေးတွေအလိုက် အိပ်မက်တွေပြည့်ခါနီးလာမှာဆိုတော့ ပျော်စရာလည်း ကောင်းလာမှာအမှန်ပါ။

 

() ကျန်းမာအောင်နေမယ်

အစားတွေအများကြီး စားတာမျိုးတွေ၊ ကိုယ့်ကိုကိုယ် ညှာပြီး ဒီအလုပ် နဲ့ အိမ်၊ သောက်သောက်စားစား ပျော်စရာတွေကြားမှာပဲ ပိတ်မိနေတယ်ဆို ကြာလာရင်လေးလံထိုင်းမှိုင်းတဲ့လူတစ်ယောက်ပဲဖြစ်လာမှာပါ။ အဲ့ဒီ့အစား ကိုယ့်ဝန်ကို တသက်လုံးထမ်းသွားရမယ့် ဒီခန္ဓာကိုယ်အတွက် ဆုပြန်ချတဲ့အနေနဲ့ ကျန်းမာရေးကောင်းအောင် နေကြရင်မကောင်းဘူးလား? မနက်ခင်းနေရောင်ခြည်လေးပဲဖြစ်ဖြစ်၊ ခုန်ပေါက်ကစားရင်း၊ Gym ဆော့ရင်း ထွက်လာတဲ့ချွေးစက်တွေကပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွလာမယ့် ခန္ဓာကိုယ်အတွက်တော့ ကြည်နူးစရာကောင်းနေမှာပါ။

 

() ကိုယ့် မိတ်ဆွေအပေါင်းအသင်း ကွန်ယက်ကိုချဲ့မယ်

လူဆိုတာမျိုးက ဘယ်လောက်ပဲ Introvert ဆန်ဆန်၊ ဘယ်လောက်ပဲ တသီးတခြားနေတတ်သူဖြစ်ဖြစ် အဖော်မွန်ကောင်း၊ မိတ်ဆွေကောင်းဆိုတာ တကယ်ရင်ဆိုင်ရမယ့် ဘဝရဲ့ အခက်အခဲတွေအတွက်တော့ ခွန်အားတစ်ခုပါပဲ။အဲ့ဒါမို့ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ မိတ်ဆွေကောင်းတွေကို ပိုတန်ဖိုးထားရင်း၊ မိတ်ဆွေသစ်တွေကိုလည်း ရှာဖွေပါ။ မခက်ခဲပါဘူး အပြုံးတချက်နဲ့စတင်ရုံပါပဲ။ တစ်ယောက်တည်း အခက်အခဲကို ရင်ဆိုင်ရတာထက်စာရင် ဘေးနားက မိတ်ဆွေတွေနဲ့တူတူရင်ဆိုင်ရတာက ပိုအောင်မြင်စေနိုင်မှာပါ။

 

() ပိုမိုရင့်ကျက်သူအဖြစ် ကိုယ့်ကိုကိုယ်ပျိုးထောင်မယ်

အချစ်ရေးကိစ္စတွေ၊ မအောင်မြင်ခဲ့တဲ့ လူမှုဆက်ဆံရေးတွေ၊ အလုပ်ခွင်နဲ့ စီးပွားရေးကျပ်တည်းမှုတွေ၊ အဖက်ဖက်က ရုန်းကန်ခဲ့ရသမျှဟာ ကိုယ့်ကိုကိုယ် ပိုမိုရင့်ကျက်လာစေမယ့် တွန်းအားတွေပါ။ အရှုံးတွေထဲက လဲထပြီး ဘဝအတွက် တကယ်အရေးပါမယ့် အရာတွေအတွက်ပဲ စိတ်နှစ်ကြိုးစားရင်း ပိုမိုတည်ငြိမ်ရင့်ကျက်လာအောင် သင်ယူကြမယ်လေ။

 

() အကောင်းမြင်စိတ်မွေးမယ်

ထစ်ခနဲရှိ အမုန်းပွားစရာတွေ ကြံနေပြောနေတွေးနေမယ့်အစား ဒေါသတွေထွက်နေမယ့်အစား ကိုယ့်စိတ်ကို လေးလံစေမယ့်အရာတွေကို တတ်နိုင်သလောက် လျှော့ချရင်း၊ ကာင်းတဲ့ အတွေးတွေးပြီး ကောင်းတဲ့အမြင်လေးကနေ စမြင်ကြည့်ရင် ကိုယ့်ရဲ့နှစ်သစ်ဟာ နေပျော်တဲ့ နေ့ရက်တွေ ပိုများလာမှာ အမှန်ပါ။ စိတ်ထဲမှာ အမှိုက်တွေနဲ့ ပြည့်မနေတာ အကောင်းဆုံးပါပဲ။

 

() မိသားစုအတွက် အချိန်ပိုပေးမယ်

နှစ်ဟောင်းမှာ အလုပ်ခွင်၊ ပျော်စရာနဲ့ သူငယ်ချင်းတွေ၊ ချစ်သူကြားမှာပဲ အချိန်တွေကုန်ခဲ့တာလား? ဒါဆိုရင်တော့ ကိုယ့်မိသားစုအတွက် အချိန်လေးတွေ ဖဲ့ကိုပေးသင့်နေပါပြီ။ အိမ်ထမင်းစားဝိုင်းလေးကနေဖြစ်ဖြစ်၊ ဘုရားတူတူသွားကြရင်း၊ Hot Pot တူတူသောက်ကြရင်းပဲဖြစ်ဖြစ် အဖေ၊အမေ၊ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ အသိုက်မြုံလေးကို ပြန်ထူထောင်ကြည့်ကြရအောင်လား? ဘဝရဲ့ ရတနာတွေဆိုတာ အနားမှာရှိတုန်း တန်ဖိုးထားတတ်ရမှာမဟုတ်လား။

 

() စာများများဖတ်မယ်

စာအုပ်တွေနဲ့ဝေးနေခဲ့တာကြာပြီပဲဆိုဆို၊ ဖတ်ကျင့်မရှိသေးဘူးပဲဆိုဆို နှစ်သစ်မှာ ဗဟုသုတအသစ်တွေနဲ့ အသိဉာဏ်ပိုကြွယ်ဝဖို့ စာအုပ်တွေအတွက် အားလပ်ချိန်တွေ ဖဲ့ပေးနိုင်ကြမယ်ဆို ဗဟုသုတအကျိုးလည်းရှိ၊ တန်ဖိုးရှိတဲ့အချိန်တွေလည်းဖြစ်လာမှာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

 

() လူမှုကွန်ယက်တွေ လျှော့သုံးမယ်

ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုယ့်အချိန်တော်တော်များများကို Facebook, Instagram နဲ့ တခြား အပန်းဖြေစရာ လူမှုကွန်ယက်တွေက ဝါးမျိုထားပြီးပြီမလား? ဒါဆိုရင်တော့ကိုယ့်ရဲ့ ငွေအား၊ အချိန်အားတွေကို တစစ ဖဲ့ယူနေတဲ့ လူမှုကွန်ယက်တွေကနေ ရုန်းထွက်ဖို့ လျှော့သုံးဖို့ ပြုပြင်ယူကြရအောင်လား? Social Detox လုပ်ရင်း သဘာဝနဲ့ပိုမိုနီးစပ်တဲ့ကိုယ်ပြန်ဖြစ်အောင် ဖန်တီးယူကြရအောင်လေ။

 

(၁၀) အလုပ်ပိုကြိုးစားမယ်

ပိုအောင်မြင်ဖို့၊ ရည်မှန်းချက်တွေဆီမြန်မြန်ရောက်ဖို့၊ မိသားစုအတွက်၊ ချစ်တဲ့သူတွေအတွက်၊ ကိုယ့်အနာဂတ်အတွက် ကိုယ့်လုပ်ငန်းခွင်နယ်ပယ်မှာ ပိုသင်ယူရင်း ပိုလေ့လာရင်း လူသစ်စိတ်သစ်နဲ့ ကြိုးစားကြမယ်။

 

(၁၁) ပညာရပ်အသစ်တစ်ခု တတ်မြောက်အောင် ကြိုးစားမယ်

ဘာသာစကား၊ ဂီတ၊ အလုပ်ခွင်အသုံးတည့်ပညာရပ်တွေ စတဲ့ စတဲ့ ကိုယ့်အတွက် အသုံးဝင်မယ့် ပညာရပ်အသစ်တစ်ခုခုနဲ့ စတင်ထိတွေ့ဖို့ ကြိုးစားကြရအောင်။ နှစ်သစ်ဟာ အရာရာစိတ်တက်ကြွနေဆဲကာလမို့ ကြိုးစားလို့အရာဝင်ဆုံးပါပဲ။

 

ဒီလောက်ဆိုရင်တော့ နှစ်သစ်ဟာ တစ်ရက်ချင်းစီကို အဓိပ္ပါယ်ပြည့်ဝနေတော့မှာပါ။ ဘဝမှာ ဘယ်အရာမှ စတင်ဖို့ နောက်ကျသွားပြီဆိုတာ မရှိပါဘူး။ အဲ့ဒါမို့ အရင်နှစ်တွေက လုပ်ဖို့ကြံရွယ်ထားပြီး မပြီးမြောက်ခဲ့တဲ့ အစီစဉ်တွေ၊ ရည်မှန်းချက်တွေကို ဒီနှစ်မှာ ဒီအချက်လေးတွေနဲ့ ဖြည့်စွက်ပြီး ပိုအကျိုးရှိတဲ့ သူတစ်ယောက်အဖြစ်ရပ်တည်သွားမယ်ဆို ကိုယ့်ရဲ့ ရက် ၊လ၊ နှစ်၊ သက္ကရာဇ်တိုင်းဟာ ပြန်လှည့်ကြည့်လိုက်တိုင်း အဓိပ္ပါယ်ရှိတဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တွေဖြစ်လာတော့မှာအမှန်ပါ။

Credit;Akhayar