Life Hacks

လူအများစု ရွေးချယ်လုပ်ကြတဲ့ New Year Resolutions များ

Read 188 times
လူအများစု ရွေးချယ်လုပ်ကြတဲ့ New Year Resolutions များ

နှစ်ဟောင်းကုန်လို့ နှစ်သစ်မရောက်ခင် Resolutions အသစ်တွေ ချမှတ်ပြီးပြီလား။ ဘယ်လို Resolutions တွေကို ချမှတ်ရမလဲမသိသေးရင် ဒီ Resolutions တွေကို ချမှတ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲအောင် နေထိုင်ကြည့်ပါ။

 

ဝိတ်ချမယ်

Facebook နဲ့ Instagram တို့မှာပဲ မနှစ်ကအချိန်တွေ ဖြုန်းနေခဲ့လို့ ဝိတ်တက်နေပြီဆိုရင် ဒီနှစ်မှာတော့ လေ့ကျင်ခန်းဘက်ကို လှည့်ဖြစ်အောင်လှည့်ပြီး ဝိတ်ချကြည့်ပါ။ နောင်နှစ် Christmas မှာ အဝတ်စားလှလှလေးဝတ်နိုင်ဖို့ဆို နှစ်စထဲက ဖြည်းဖြည်းမှန်မှန်လုပ်ပြီး ဝိတ်ချခဲ့မှ ရမှာပါ။ ဝိတ်ချခြင်းဟာ ဖြတ်လမ်းနည်း သိပ်မရှိတဲ့အတွက် အစီအစဉ်ချပြီး လုပ်ခဲ့မှ ရမှာပါ။ ဝိတ်ချတာဟာ လှပလာရုံတင်မကဘဲ ခန္ဓာကိုယ်ပေါ့ပါး သွက်လက်လာစေပြီး ကျန်းမာလာစေတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိစေလို့ ဝိတ်ချခြင်းကို Resolution တစ်ခုအဖြစ် ထည့်သွင်းလုပ်ဆောင်လိုက်ပါ။

 

နည်းနည်းသုံးပြီး များများစုပါ

ဒီ Resolution ကတော့ နှစ်တိုင်းလိုလို ချမှတ်ကြမယ်လို့ ထင်ပါတယ်။ နှစ်တိုင်းချမှတ်ပြီး သိပ်မလုပ်နိုင်တဲ့ Resolution ကို ပြပါဆို ဒီဟာလေးကို ပြရမယ်ထင်ပါတယ်။ မနှစ်ကလည်း မလုပ်နိုင်ဘူးဆိုရင် ဒီနှစ်မှာတော့ လုပ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားကြည့်ပါ။ ငွေသုံးကြမ်းတဲ့သူမျိုးဆို ဘဏ်မှာ စာရင်းသေပုံစံမျိုးအပ်ကာ တတ်နိုင်သမျှ မထုတ်ဘဲနေကာ စုဆောင်းကြည့်ပါ။ တစ်လဘယ်လောက်သုံးတယ်ဆိုတာ စာရင်းလေးမှတ်ကာ အသုံးအစွဲတွေများနေခဲ့ရင် နောက်လ နောက်လတွေကျရင် တတ်နိုင်သမျှ စိစိစစ်စစ်လေး လျော့သုံးကြည့်ပါ။ နှစ်ကုန်လို ပိုက်ဆံတွေ အများကြီးစုမိသွားရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆုချလိုက်ပါ။

 

မိသားစု၊သူငယ်ချင်းတွေကို အချိန်များများပေးပါ

ဒီနေ့ခေတ်လူငယ်တော်တော်များများဟာ လုပ်ငန်းခွင်နဲ့ ဖုန်းတွေမှာ အချိန်တွေကုန်လာကြတာများတဲ့အတွက် မိသားစုနဲ့ အချိန်မဖြုန်းနိုင်သလောက် ရှိလာပါပြီ။ ငယ်သူငယ်ချင်းတွေနဲ့ တစ်ခါတစ်ခါ တွေ့ဆုံဖို့အတွက် အချိန်အကြာကြီးယူနေရပြီဆိုရင် နောက်နှစ်မှာ အဲ့ဒီလိုမဖြစ်အောင် ပြုပြင်ပြောင်းလဲလိုက်ပါ။ ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးခြင်းက ကျန်းမာရေးကောင်းစေလို့ သူငယ်ချင်း၊မိသားစုတွေကို အချိန်များများပေးကြည့်ပါ။ မိသားစုနဲ့ မောင်နှမတွေကို အချိန်များများပေးနိုင်အောင် တွေ့ဆုံပွဲလေးတွေ ဖန်တီးကြည့်ပါ။

 

အသစ်သစ်တွေ လေ့လာပါ

ဒီ Resolution က အမြဲချပြီး အမြဲပျက်ပျက်သွားတဲ့ Resolution ပါ။ နှစ်စမှာ ဘာတွေတက်မယ် ဘာတွေ လုပ်မယ်ဆိုပြီး အကြီးကြီးတွေ ချမှတ်ခဲ့ပေမယ့် လအနည်းငယ်ကြာလာတဲ့အခါမှာ အားပျော့သွားတတ်ကြပါတယ်။ အသစ်တွေလေ့လာသင်ယူရခြင်းကလည်း စိတ်ပျက်စရာတွေနဲ့ အခက်အခဲတွေ ကြုံတွေရတတ်တဲ့အတွက် နောက်လတွေမှာ အားပျော့သွားတာ ဖြစ်ပါတယ်။ အသစ်သစ်တွေ လေ့လာတဲ့အခါမှာ နှစ်ရှည်လများ လေ့လာရတာမျိုးကို မရွေးဘဲ ဟင်းချက်နည်း၊ မုန့်လုပ်နည်းလိုဟာမျိုးလေးတွေ လေ့လာသင်ယူပါ။

 

ခရီးများများသွားပါ

၂၀၁၈ မှာ ခရီးသွားချင်ရက်နဲ့ မသွားခဲ့ရတဲ့ ခရီးတွေရှိရင် စာရင်းပြုစုလိုက်ပါ။ အချိန်ကုန်၊ ပိုက်ဆံကုန်မှာ စိုးပြီး ခရီးမသွားခဲ့ဘူးဆိုရင် ငွေကုန်ကြေးကျနည်းနည်းသွားနိုင်တဲ့ ရက်တိုခရီးလေးတွေ သွားဖြစ်အောင်သွားပြီး နေ့စဉ် စက်ရုပ်ကြီးဖြစ်နေတဲ့ လူနေမှုဘဝကနေ ရုန်းထွက်လိုက်ပါ။ ခရီးသွားခြင်းဟာ သဘာဝနဲ့ ထိတွေ့ခွင့် ရရုံသာမက စီမံခန့်ခွဲမှု အရည်အချင်း၊ ခရီးအတွက် ငွေစုတတ်တဲ့ အရည်အချင်းတွေ တိုးတက်လာစေလို့ ခရီးတွေ များများသွားနိုင်အောင် သွားပါ။ ဘတ်ဂျက်ခရီးတွေလည်း ဖန်တီးပြီးသွားလို့ရလို့ လူဘဝမှာ လူဖြစ်ခွင့်ရတုန်း မလုပ်ဖူးတာမရှိအောင် ခရီးတွေ အမုန်းထွက်လိုက်ပါ။

 

ဖုန်းစွဲခြင်းကို ဖြတ်ကြည့်ပါ

ဘယ်သွားသွား ဖုန်းမပါရင် သေမလိုဖြစ်နေပြီဆိုရင် ဖုန်းစွဲနေတာ သေချာပါပြီ။ ဖုန်းဟာ လူကို အကျိုးပြုတာမှန်ပေမယ့် ဆိုးကျိုးတွေ ပေးတာလည်း အမှန်ပါပဲ။ ၂၀၁၈ မှာ ဖုန်းကို မရှိမဖြစ် လိုအပ်ခဲ့တယ်ဆိုရင် နောက် ၂၀၁၉ မှာ အဲ့လိုမဖြစ်အောင် နေထိုင်ကြည့်ပါ။ The Daily Mail အရဆို လူတစ်ယောက်ဟာ တစ်ရက်မှာ ပျှမ်းမျှ ဖုန်းကို အကြိမ် ၁၀၀ ထက်မနည်း ပွတ်နေကြပါတယ်။ ဖုန်းစွဲခြင်းကို ဖြတ်ဖို့အတွက်ဆို မလိုလားအပ်တဲ့ Notification တွေ ပိတ်ထားပြီး ဖုန်းကို ကိုယ်နဲ့ တတ်နိုင်သလောက် ဝေးဝေးမှာ ထားပါ။ Facebook နဲ့ Email တွေကို အချိန်အကန့်အသတ်လေးနဲ့ပဲ အသုံးပြုကြည့်ပါ။ ဖုန်းကိုင်မိတော့မယ်ဆိုရင် ဖုန်းအစား စာအုပ်ကို ပြောင်းကိုင်ကာ ဖုန်းစွဲခြင်းကို ဖြတ်ကြည့်ပါ။

 

အိမ်ထမင်းအိမ်ဟင်းစားပါ

ဒီနှစ်မှာ အပြင်စာတွေ စားတာများခဲ့ရင် နှစ်သစ်မှာ အိမ်ထမင်း၊အိမ်ဟင်းပဲ တတ်နိုင်သမျှ စားနိုင်အောင် ကြိုးစားပါ။ အပြင်စာတွေ အစားများခြင်းက ဘတ်ဂျက်ကိုလည်း ထိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေလို့ လျှော့တာအကုန်ဆုံးပါပဲ။ ကိုယ်အိမ်မှာ ကိုယ်ဘာသာ ချက်ပြုတ်တာက သန့်ရှင်းလတ်ဆက်စေသလို ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။ Yummly နဲ့ Melboard တို့လို App တွေရဲ့အကူအညီနဲ့ ဘာတွေဝယ်ပြီး အာဟာရရှိအောင် ဘယ်လိုချက်ပြုတ်စားသောက်ရမလဲဆိုတာ လေ့လာပြီး ချက်ပြုတ်ကြည့်လို့ ရပါတယ်။

 

ဆေးလိပ်နဲ့အရက်ဖြတ်ပါ

အရက်သေစာ သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ငွေကုန်စေတဲ့ အမူအကျင့်ဆိုးတွေ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဒါတွေကို အများကြီး လုပ်ခဲ့ပြီးပြီးဆိုရင် ကိုယ့်ကိုယ်ကိုယ်ကျန်းမာရေး ဂရုစိုက်တဲ့ အနေနဲ့ကော သူတစ်ပါးကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ပါ မကောင်းတဲ့ ဒီအကျင့်ဆိုးတွေကို ၂၀၁၉ မှာ ဖြတ်တောက်လိုက်ပါ။ ယတိပြတ်ကြီး မဖြတ်နိုင်ဘူးဆိုရင်တောင် နည်းနည်းချင်းစီ လျှော့တဲ့အကျင့်ကို နှစ်သစ်မှာ အစပျိုးလိုက်ပါ။

 

New Year Resolution တွေချပြီးရင်လည်း အပျက်အယွင်းခံဘဲ အားသွန်ခွန်စိုက်နဲ့ လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

Credit;Akhayar