Rules & Regulations

စကားလုံးအသုံးအနှုန်း ဆင်ခြင်စရာ 'တောနင်းရှာ'ဆိုတဲ့ သတင်း ခေါင်းစဥ်ကို ပြောင်းလဲလိုက်ရ

Read 3616 times
စကားလုံးအသုံးအနှုန်း ဆင်ခြင်စရာ 'တောနင်းရှာ'ဆိုတဲ့ သတင်း ခေါင်းစဥ်ကို ပြောင်းလဲလိုက်ရ

သတင်းစာက အာဖရိကသားတွေကို အစိုးရက "hunt" အမဲလိုက်သလို တောနင်းရှာနေ ဆိုပြီး သတင်းစာ ရှေ့မျက်နှာဖုံးနဲ့ ဝက်ဘ်ဆိုက်မှာပါ သတင်းခေါင်းစဥ်တပ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှာ အာဖရိကနိုင်ငံတွေက ရောက်လာခဲ့တဲ့ ခရီးသည် ၇၈၃ ယောက်ကို ခြေရာကောက်နိုင်ဖို့ အာဏာပိုင်တွေက ကြိုးစားနေကြတာဖြစ်ပါတယ်။

အာရှနိုင်ငံတွေမှာ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပေမယ့် နောက်ဆုံး ကိုဗစ် မျိုးကွဲသစ် ဖြစ်တဲ့ အိုမီခရွန် ကို စတင်တွေ့ရှိလာနေရပြီ ဖြစ်ပါတယ်။

ထိုင်း ကိုဗစ် - ၁၉ အခြေအနေ စီမံ ထိန်းချုပ်ရေး စင်တာရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက သတင်းစာရဲ့ သတင်းခေါင်းစဥ်ဟာ ထိုင်းအစိုးရရဲ့ မူဝါဒ၊ ချဥ်းကပ်ဆောင်ရွက်ပုံနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစီမံချက်တွေကို လုံးဝ ထင်ဟပ်မနေဘူး ဆိုတာကို ရှင်းလင်း ပြတ်သားစွာ ပြောကြားလိုတယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒါဟာ စကားအသုံးအနှုန်း မှားနေတဲ့ ကိစ္စဖြစ်ပြီး စာတည်းမှူးတွေအနေနဲ့ အခု ဖြစ်နေတဲ့ ဝေဖန်ပြောဆိုမှုတွေကနေ သင်ခန်းစာ ယူသင့်တယ်လို့ သူက ပြောပါတယ်။

ပြောခွင့်ရ အမျိုးသမီးက ဘယ်သတင်းစာလဲ ဆိုတာ နာမည်နဲ့ တကွမပြောကြားပေမယ့် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာတော့ ဘန်ကောက်ပို့ စ် သတင်းစာရဲ့ ဒီဇင်ဘာ ၂ ရက်နေ့ထုတ် သတင်းစာ မျက်နှာဖုံးရဲ့ ပုံတွေကို တွေ့ရပါတယ်။

သတင်းစာတိုက်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာလည်း ဒီသတင်းဆောင်းပါးကို ဖော်ပြထားပြီး သတင်းခေါင်းစဥ်ကို "hunted" အစား "searched for" ဆိုပြီး စကားလုံး အသုံးအနှုန်း ပြောင်းလဲထားတာကို တွေ့ရပါတယ်။

နောက်တော့ Govt searches for African visitors  အစား Govt seeks out African visitors လို့ ထပ်ပြင်လိုက်ပါတယ်။

ကိုဗစ် - ၁၉ ရဲ့ နောက်ဆုံးပေါ် မျိုးကွဲသစ် အိုမီခရွန်ကို တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ က်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ဒီမျိုးကွဲသစ်မှာ ကူးစက်မှုနှုန်း ပိုမြင့်မားတာကြောင့် ဒီပိုးသစ် သူတို့ မြေပေါ် ရောက်မလာစေရေး အတွက် အာရှနိုင်ငံတွေ အပါအဝင် ကမ္ဘာ့တဝန်းက နိုင်ငံတွေက အာဖရိကနိုင်ငံတွေက လာတဲ့ ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားလိုက်ကြပါတယ်။