မာဖလာလို့လည်း ခေါ်တဲ့ လည်စည်းပဝါတွေကို များသောအားဖြင့် ဆောင်းရာသီ ဒါမှမဟုတ် ရာသီဥတုအေးတဲ့အချိန်တွေမှာ ပတ်လေ့ရှိကြပါတယ်။ အရမ်းအေးလာရင် လည်ပင်းမှာ တင်းတင်းပတ်ထားပြီး၊ ပူလာရင် ပြန်လျော့တတ်ကြတာကို သတိထားမိမှာပါ။ ဒါပေမယ့် Xiaomi ရဲ့ “စမတ်မာဖလာ” နဲ့ ဆိုရင်တော့ အတင်းအလျော့ကအစ ကိုယ်တိုင်ကိုယ်ကျ လုပ်နေစရာ မလိုပါဘူး။
Xiaomi “Smart Scarf” က အပြင်အပူချိန်အလိုက် အလိုအလျောက် အတင်းအလျော့ လုပ်ပေးသွားမှာဖြစ်သလို၊ အေးလာရင်လည်း အနွေးဓာတ် ထုတ်ပေးနိုင်ပါသေးတယ်။ Xiaomi က ဒီစနစ်ကို “A smart scarf and its control method” လို့ အမည်တပ်ပြီး မူပိုင်ခွင့်လျှောက်ထားတာ တွေ့ရပါတယ်။
Costume & Fashion (ဝတ်စုံနှင့်ဖက်ရှင်လုပ်ငန်းများ(၃၈၇)ခုကိုရှာရန်နှိပ်ပါ။)
စမတ်ပဝါဆိုပေမယ့် အပြင်ပန်းအရတော့ သာမန် လည်စည်းပဝါ တထည်အတိုင်းပါပဲ။ ဒါပေမယ့် ပဝါအထည်စထဲမှာ အပူချိန်အာရုံခံဆန်ဆာနဲ့ အနီအောက်ရောင်ခြည်သုံး အပူပေးကိရိယာတို့ ပါဝင်ပါတယ်။ ဒီကိရိယာနှစ်ခု ချိတ်ဆက်ပြီး အပြင်ဘက်အပူချိန်အလိုက် အနွေးဓာတ် ထုတ်ပေးသွားမှာပါ။
Smart Wearble Device တခု ဖြစ်တာကြောင့် သေချာပေါက် Bluetooth ဒါမှမဟုတ် Wi-Fi သုံးပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ဒီတော့ သီးသန့် Mobile App တခုကနေလည်း ပဝါရဲ့ အပူချိန်၊ အတင်းအလျော့ နှုန်းတွေကို ချိန်ညှိနိုင်ပါလိမ့်မယ်။
လောလောဆယ်မှာတော့ Xiaomi စမတ်မာဖလာ က မူပိုင်ခွင့်အဆင့်မှာပဲ ရှိသေးပါတယ်။ မူပိုင်ခွင့်တိုင်းက တကယ့်ထုတ်ကုန် ဖြစ်လာလေ့မရှိတာ သတိထားသင့်ပါတယ်။ ဒါပေမယ့် Xiaomi ဆိုတာကလည်း ထူးထူးဆန်းဆန်း စမတ်ပစ္စည်းပေါင်းစုံ ထုတ်နေတဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့်စောင့်ကြည့်ရဦးမှာပါ။
Source : Akhayar.com