Life Hacks

စိတ်ဓာတ်တွေ ၀ုန်းကနဲ ထိုးကျမသွားဖို့ဆိုတာ

Read 233 times
စိတ်ဓာတ်တွေ ၀ုန်းကနဲ ထိုးကျမသွားဖို့ဆိုတာ

 

Mental illness” ဆိုတဲ့စကားကို ဒီနိုင်ငံကလူတွေဟာ သိပ်တော့ အာရုံစိုက်လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရှင်းရှင်းပြောရရင်တော့ လူတော်တော်များများက နာမ်ထက် ရုပ်ကို ဦးစားပေးနေကြလို့ပါ။

 

ဥပမာ တစ်ခုပြောရမယ်ဆိုရင်တော့ ခရီးသွားကြမယ်ပဲ ဆိုကြပါစို့။ ဘယ်နေရာမှာ ဘယ်လို အပန်းဖြေကြမလဲ။ ဘယ်လိုနေရာမျိုးတွေကိုတော့ စိတ်အေးချမ်းသာမှုအတွက် သွားကိုသွားရမယ်ဆိုတာမျိုး တွေးတဲ့သူထက် ခရီးသွားရင် ဘယ်လိုအင်္ကျီတွေယူသွားရမလဲ၊ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရတဲ့နေရာ ဘယ်နေရာရှိလဲစသည်ဖြင့် တွေးလေ့ရှိကြပါတယ်။ မတွေးရဘူးတော့ မဆိုလိုပါဘူး။ တွေးပါ။ ဒါပေမယ့် တစ်ခါတလေ “စိတ်ထောင်းလို့ကိုယ်ကြေ” ဆိုတဲ့စကား ရှိတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ရုပ်ထက်နာမ်ကို ဂရုမစိုက်ရင်တောင်မှ ရုပ်ကို ဂရုစိုက်သလောက် စိတ်ပိုင်းဆိုင်ရာကိုပါ ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာလေး အလင်းဝင်ရင်ပဲ ကျေနပ်ပါပြီ။

 

၂၀၁၈ခုနစ်မှာဆိုရင်လည်း Kate SpadeMark SallingAvicii နဲ့ Anthony Bourdain စတဲ့ နာမည်ကြီး Celebrity တွေဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး သေဆုံးသွားတဲ့နောက်ပိုင်းမှာ လူတော်တော်များများ တုပ်လှုပ်ခြောက်ခြားကုန်ကြပါတယ်။ တွေးကြည့်ပါဦး။ လူတစ်ယောက်ကို သေကြောင်းကြံစည်ခိုင်းတဲ့အထိ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဒီစိတ်စေတသိတ်ကို ကျွန်မတို့ ဘယ်လိုများ ထိန်းသိမ်းကြရမလဲ။

 

လူ့ဘ၀ကြီးတစ်လျှောက်လုံး ဖြတ်သန်းရှင်သန်တဲ့အချိန် စိတ်ဓာတ်မကျဖူးတဲ့သူ၊ စိတ်ဝေဒနာရဲ့ တိုက်ခိုက်ခြင်းကို မခံစားဖူးတဲ့သူတော့ မရှိပါဘူး။ အနည်းနဲ့ အများတော့ ခံစားကြရမှာချည်းပါပဲ။ ဒါကို ရှောင်လွှဲလို့မရပေမယ့် အမြဲတမ်း အချိန်ရှိသရွေ့ စိတ်ဓာတ်နဲ့ပတ်သက်တဲ့ အမှားတွေ မခံစားနေရအောင်တော့ နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ကျွန်မတို့ ဘ၀မှာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်စိတ်ဝေဒနာတွေကို အိမ်ဦးခန်းမှာ ခေါ်မထားဘဲ ဧည့်သည်သွားဧည့်သည်လာအဖြစ်ပဲ ထားနိုင်အောင် ကျွန်မတို့ ဘယ်လိုနေကြရမလဲနော်။ ဒီတစ်ခေါက်တော့ အများကြီး မပြောတော့ပါဘူး။ ပြောပြလာတာတွေလည်း များလာပြီဆိုတော့ အရေးအကြီးဆုံးနဲ့ အထိရောက်ဆုံး အချက် သုံးချက်ကိုပဲ ပြောပါရစေ။

 

 

သန်မာဖို့ လိုအပ်ပါတယ်

 

ဒါဟာ ကိုယ်တိုင်ကိုယ်ကျထက် မိသားစုကိုယ်တိုင်က ငယ်ငယ်ကတည်းက မဖြစ်မနေ ပြုစုပျိုးထောင်ပေးရမယ့် အရာတစ်ခုပါ။ အဲဒါကတော့ ကိုယ့်ရဲ့ ကလေးကို ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သန်မာအောင် လေ့ကျင့်ပေးဖို့ပါပဲ။ စိတ်ဓာတ်သန်မာတဲ့လူသားတစ်ယောက်ဖြစ်နေရင် ဘ၀အနိမ့်အမြင့်တွေရော၊ စိတ်ဖိစီးမှုတွေရော တခြား ပြဿနာအခက်အခဲတွေရော အားလုံးကိုပါ တခြားလူတွေထက် ခံနိုင်ရည်ရှိကြပါတယ်။ ဒါကြောင့် မိဘတွေဟာ ကိုယ့်ရဲ့ သားသမီးတွေကို ဘ၀လမ်းတစ်လျှောက်မှာ ရဲဝံ့ပျော်ရွှင်စွာ လျှောက်လှမ်းတာကို မြင်ချင်တွေ့ချင်တယ်ဆိုရင် သန်မာအောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။

 

 

ဥပေက္ခာပြုတတ်အောင် ကြိုးစားပါ

 

ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ရမယ့်အချက်ပါ။ ဒါကတော့ ဥပေက္ခာတရားကို လက်ကိုင်ထားဖို့ပါ။ ကိုယ် မစွမ်းနိုင်၊ မတတ်နိုင်တဲ့ကိစ္စတစ်ခုပေါ်လာရင် ဥပေက္ခာပြုတတ်ရပါလိမ့်မယ်။ ဥပေက္ခာပြုတယ်ဆိုတာ အရှုံးပေးတာနဲ့ လုံးဝမတူပါဘူးနော်။ ဘယ်လိုကိစ္စမျိုးအပေါ်မှာပဲဖြစ်ဖြစ် အတက်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ပါ။ ဒါပေမယ့် မရတဲ့အဆုံးတစ်ချိန်ရောက်လာပြီဆိုရင်တော့ ဥပေက္ခာပြုပစ်လိုက်နိုင်တဲ့ နှလုံးသားရှိဖို့ လိုအပ်ပါတယ်။

 

 

ပေါင်းသင်းဆက်ဆံရေးကောင်းပါစေ

 

တစ်ယောက်တည်း Lonely ဖြစ်တဲ့သူတွေဟာ စိတ်ဓာတ်ကျရင် ပိုခံစားရပါတယ်။ အပြင်လျှောက်လည်ဖို့ လူမရှိ၊ စကားပြောရင်ဖွင့်ဖော်သူငယ်ချင်းမရှိ၊ ယုံကြည်ရတဲ့သူမရှိနဲ့ နောက်ဆုံး အမှောင်ထဲမှာ ပိတ်မိသွားကြတော့တာပါပဲ။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ပျော်ရွှင်ဖွယ်ရာ လူ့ပတ်ဝန်းကျင်တစ်ခုရှိဖို့ အရမ်း အရမ်းကို အရေးကြီးပါတယ်။ ဒါမှ ကိုယ်တစ်ခုခုဖြစ်လာရင်တောင် ဖေးကူထူမပေးမယ့်လူတွေ ဘေးနားမှာ အရန်သင့်ရှိနေဦးမှာလေ။ ဒီဘက်ခေတ်က မိသားစုနဲ့ ခွဲခွာပြီး အဝေးမှာ တစ်ယောက်တည်း ရပ်တည်နေရတဲ့သူတွေများတော့ ပိုဆိုးပါတယ်။ အပေါင်းအသင်းကောင်းဖို့က မဖြစ်မနေလိုအပ်တာပါ။

 

ဒီသုံးချက်သာ ယေဘုယျအားဖြင့် ပြည့်စုံနေမယ်ဆိုရင် ဘယ်လို စိတ်ဝေဒနာမျိုးပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျခြင်းမျိုးပဲဖြစ်ဖြစ် အလွယ်တကူကျော်လွှားသွားနိုင်ပါတယ်။ နောက်ဆုံးပိတ် တစ်ခုပဲ သတိပေးချင်ပါတယ်။ စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေ ပြည့်နေတဲ့ ခံစားချက်တစ်ခုခု ခံစားလာရပြီဆိုရင် မွေးမထားမိပါစေနဲ့။ အသက်၀၀ရှုပြီး ဖြေဖျောက်လိုက်ပါ။ ရန်သူကို အိမ်ပေါ်ခေါ်တင်ထားဖို့ ဘယ်တော့မှလည်း စိတ်မကူးလိုက်ပါလေနဲ့။

 

 

Credit;Akhayar