Life Hacks

အောင်မြင်မှုကို ရရှိချင်ရင် ဒါတွေကို ရပ်တန့်ပစ်လိုက်ပါ

Read 2223 times
အောင်မြင်မှုကို ရရှိချင်ရင် ဒါတွေကို ရပ်တန့်ပစ်လိုက်ပါ

(၁) ပြီးပြည့်စုံချင်တဲ့အကျင့်။
ပြီးပြည့်စုံချင်တာ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားဆိုတာ ဝေခွဲရခက်ပါတယ်။ တစ်ခါတစ်လေမှာ ပြီးပြည့်စုံချင်လွန်းတာကြောင့် အလုပ်မတွင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် လူတိုင်း ပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို လက်ခံရပါမယ်။ ဒီတော့ အကောင်းဆုံးကြိုးစားပါ။ ဒီ့ထက်ပိုပြီးတော့ ပြီးပြည့်စုံစရာမလိုပါဘူး။ အကောင်းဆုံးကြိုးစားဖို့သာ သေချာပါစေ။

(၂) အားနာတတ်တဲ့အကျင့်တွေ။
အားနာတတ်တဲ့အကျင့်တွေက သင့်ကို ကောင်းကောင်းကြီး အနှောင့်အယှက်ပေးနိုင်ပါတယ်။ လူမှုရေးမှာ အားနာတတ်တာတောင် တော်တော်ဒုက္ခရောက်နေပါပြီ။ စီးပွားရေးမှာ အားနာမယ်ဆိုရင်တော့ သင် ကျရှုံးဖို့တောင် ပြင်ဆင်သင့်နေပါပြီ။

(၃) ကိုယ့်ကိုယ်ကို အထင်သေးခြင်း။
စိတ်ကြီးဝင်တဲ့အကျင့်က မကောင်းပါဘူး။ ဒါပေမယ် စိတ်ကြီးဝင်တာကမှ အောင်မြင်ချင် အောင်မြင်နိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကို အထင်သေးပြီဆိုရင်တော့ အောင်မြင်မှုလမ်းကို လက်ပြနှုတ်ဆက်လိုက်သလိုပါပဲ။ ကိုယ့်ကိုယ်ကို အထင်သေးမယ့်အစား အမြဲတမ်းအားပေးပါ။ သန်မာနေအောင် လေ့ကျင့်ယူပါ။ အရည်အချင်းတွေ မလုံလောက်သေးဘူးဆိုရင် ထပ်ပြီးတော့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုတော့ အထင်မသေးလိုက်ပါနဲ့။

(၄) အနာဂတ်မရှိခြင်း။
အနာဂတ်ကို မပြင်ဆင်တတ်ရင် သင်အောင်မြင်ဖို့မလွယ်ပါဘူး။ နောက် လာမယ့်အပတ်မှာ ဘာတွေလုပ်မယ်လို့ သင့်မှာ Plan ချထားတာရှိသလား? လာမယ့် လမှာကော? လာမယ့် နှစ်? အောင်မြင်ချင်ရင် အနာဂတ်မရှိတဲ့ဘဝကို ရပ်တန့်ပစ်လိုက်ပါ။

(၅) ရည်မှန်းချက်ပျောက်ခြင်း။
တစ်ခါတစ်လေမှာ ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ စိတ်ဓါတ်တွေကျပြီး ဖြစ်ချင်စိတ်တွေ ပျောက်သွားတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒီလိုမျိုး ရည်မှန်းချက်တွေဝေဝါးတတ်တဲ့အကျင့်ကို ရပ်ဖို့လိုပါမယ်။

(၆) လူတွေနဲ့ သဟဇာတမဖြစ်ခြင်း။
လူတွေနဲ့ နေရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဘူးဖြစ်စေ လိုက်လျောညီထွေဖြစ်အောင်တော့ နေရမှာပါ။ အခွင့်အလမ်းနဲ့ သင်ယူမှုဆိုတာ လူတွေကြားထဲမှာပဲ ရှာဖွေလို့ရတာပါ။ လူတွေကို မျက်ကွယ်ပြုလိုက်ရင် အခွင့်အလမ်းတွေလည်း ရှားပါးသွားပါလိမ့်မယ်။

(၇) သူများနဲ့ နှိုင်းယှဉ်ခြင်း။
ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်လိုက်တာဟာ အရမ်းဆိုးတဲ့အမူအကျင့်ပါပဲ။ ဒီအကျင့်ကြောင့် ကိုယ့်ထက်နိမ့်တဲ့သူနဲ့တွေ့ရင် အောက်ခြေလွတ်သွားတတ်သလို
ကိုယ့်ထက်သာတဲ့သူနဲ့တွေ့တဲ့အခါမှာတော့ သိမ်ငယ်တဲ့စိတ်၊ အားငယ်တဲ့စိတ်တွေ ဖြစ်သွားတတ်ပါတယ်။

(၈) အတိတ်ကိုစွဲလန်းခြင်း။
အတိတ်က အောင်မြင်မှုမှာပဲ သာယာမိန်းမောနေမယ်ဆိုရင်.. အတိတ်က နာကျင်မှုတွေမှာပဲ ထိခိုက်ခံစားနေဦးမယ်ဆိုရင် အနာဂတ်မှာရှိနေတဲ့ အောင်မြင်မှုတွေဟာ သင့်အတွက်မဟုတ်ဘူးလို့ ပြောပါရစေ။

Recommended for u- နစ်မြုပ်နေတဲ့ကြော်ငြာ ပြန်ဆယ်ယူမှာလား

Source: Focus Youth E-magazine (ရွှေညာမောင်)