Life Hacks

အောင်မြင်ဖို့အတွက် မက်ဇူကာဘက် ပြောတဲ့ အချက်(၁၀) ချက်

Read 1902 times
အောင်မြင်ဖို့အတွက် မက်ဇူကာဘက် ပြောတဲ့ အချက်(၁၀) ချက်

သူပြောတဲ့ အောင်မြင်မှုအတွက် ချမှတ်ထားတဲ့ အချက် (10) ချက်က ဘာတွေဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်…

1. ကိုယ့်ရဲ့အချိန်တွေကို ဘာအတွက် ကုန်ဆုံးစေသလဲဆိုတာ သေချာသိပါစေ။

ဥပမာ ကျွန်တော်က ဒီနှစ်အတွင်းမှာ product သုံးခုလောက်ထုတ်ဖို့ မှန်းထားတယ်ဆိုပါစို့..ဒီ product တွေထုတ်ဖို့ ကျွန်တော့်အချိန်တွေကို နစ်မြှုပ်ထားသင့်ပေမယ့် တခြားသူတွေက တခြားအရာတွေမှာ စိတ်ဝင်စားတာမျိုး ဖြစ်တတ်တာပါပဲ..ဒီလိုဆိုရင်ရော ဘယ်လိုကြိုးစားမလဲ?
ခင်ဗျားရဲ့ အချိန်တွေထဲက သုံးပုံတစ်ပုံလောက်ကို ခင်ဗျားရဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို training ပေးတာ၊ လမ်းညွှန်တာမျိုးစတာတွေလုပ်ပေးရင်း ပိုကောင်းတဲ့ ဝန်ထမ်းတွေရအောင် ကြိုးစားကြည့်ပါ။ ဒီလိုနဲ့ ခင်ဗျားဟာ ပိုကောင်းတဲ့ organization မျိုးကို ပိုင်ဆိုင်နိုင်ရုံသာမက ပိုအရေးပါတဲ့သူတစ်ဦးလည်း ဖြစ်လာမှာပါ။
___________________________

2. ဝေဖန်မှုတွေကို နားထောင်ပါ။

ကျွန်တော်တို့ company မှာ လုပ်လေ့လုပ်ထရှိတာတစ်ခုက အပတ်တိုင်း Q&A section တစ်ခုထားပေးထားတာပါ။ အဲဒီအချိန်မှာဆိုရင် ဝန်ထမ်းတွေက ကျွန်တော့်ကို အခုလက်ရှိ company မှာ ဘာတွေဖြစ်နေသလဲ ဘယ်အရာကို target ထားပြီး ဆောင်ရွက်နေသလဲ လက်ရှိထုတ်ထားတဲ့ product တွေအကြောင်း သူတို့ရဲ့ ဝေဖန်မှု စသဖြင့် သိချင်တာမှန်သမျှ မေးလို့ရမှာပါ။ ဒါက ကျွန်တော်တို့အတွက် အရေးပါတဲ့ ဓလေ့ထုံးစံလို့ ပြောလို့ရပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ဘယ်တွေရှိသလဲဆိုတာ သိနိုင်ရုံသာမက ကျွန်တော်တို့လုပ်ခဲ့သမျှတွေကို ပြန်ချင့်ချိန်ပြီး ပြဿနာတွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရမှာပါ။
___________________________

3. အမှားတွေလုပ်ပါ။

ခင်ဗျားရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး အမှားတွေမလုပ်မိအောင် ရှောင်တိမ်းနေတာမျိုး မဖြစ်ပါစေနဲ့။ အရေးကြီးတာက လုပ်ခဲ့သမျှ အမှားတွေကနေ သင်ယူတတ်ဖို့နဲ့ အရှုံးမပေးမိဖို့ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိသလို ခင်ဗျားအတွက် အတားအဆီးတွေကို ဖြတ်ကျော်တတ်ဖို့ပဲ လိုတာပါ။
___________________________

4. ခင်ဗျားအလုပ်လုပ်ပေးချင်စိတ်ရှိမယ့်သူတွေကိုပဲ အလုပ်ခန့်ပါ။

စကားပုံတစ်ခုရှိတာက လူတော်တွေက လူတော်တွေကိုပဲ အလုပ်ခန့်ပါတယ်တဲ့။ ကျွန်တော်ကတော့ ဒါကို လက်မခံပါဘူး။ ကျွန်တော့်စိတ်ထဲမှာ တကယ်အလုပ်လုပ်ပေးချင်လာစေတဲ့သူကို အလုပ်ခန့်တာကလည်း နည်းလမ်းကောင်းတစ်မျိုးပါ။
___________________________

5. ပြောင်းလဲမှုတွေ ဖန်တီးပါ။

ကျွန်တော်တွေ့ဖူးတဲ့ စွန့်ဦးတီထွင်သူတွေက company တစ်ခုကို အစပြုတာမဟုတ်ဘဲ တည်ထောင်ဖို့ကြိုးစားတာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့သာမက ကူညီထောက်ပံ့ပေးချင်လို့ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့လည်း ဘယ်လိုစိန်ခေါ်မှုမျိုးလာလာ အရှုံးမပေးဘဲ ရင်ဆိုင်ပြီး ဒီလို ဖန်တီးဖို့ပဲ အာရုံစိုက်ထားရင် ခင်ဗျားကို ကူညီထောက်ပံ့ပေးမယ့်သူတွေ အရာတွေကို ရှာဖွေတွေ့ဆုံရလာမှာပါ။
___________________________

6. သင့်ဘေးဝန်းကျင်မှာရှိတဲ့ သူတွေဆီက သင်ယူပါ။

အသင်းအဖွဲ့ကောင်းဆိုတာကို ကျွန်တော်နားလည်ထားတာက တစ်ဦးတစ်ယောက်ချင်းစီက ပြဿနာနည်းနည်းစီ ဖြေရှင်းတာမျိုးမဟုတ်ဘဲ အုပ်စုတစ်ခုအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တာကိုပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အဖွဲ့လိုက်စွမ်းရည်ကို မြှင့်တင်ဖို့ရာ ကျွန်တော်တို့ ဘေးမှာရှိနေတဲ့သူတွေဆီက အမြဲသင်ယူလေ့လာပါတယ်။ ကျွန်တော် သင်ယူလို့ရနိုင်မယ့်သူတွေကို အလုပ်ခန့်တယ်ဆိုရင်လည်း မမှားပါဘူး။
___________________________

7. တကယ်တော်တဲ့ အသင်းအဖွဲ့ကို ဖန်တီးပါ။

မီဒီယာတွေက ကျွန်တော့်ကို Facebook တည်ထောင်သူ ဦးဆောင်သူ အဖြစ် အာရုံစိုက်ကြပါတယ်။ မှားနေတာက သူတို့ အာရုံစိုက် အလေးပေးရမှာ လူတစ်ဦးတစ်ယောက်တည်းကို မဟုတ်ပါဘူး..အရေးအကြီးဆုံးဖြစ်တဲ့ အသင်းအဖွဲ့တစ်ခုလုံးကိုပါ။ ခင်ဗျားဟာ စွန့်ဦးတီထွင်သူတစ်ယောက်ဆိုရင် ခင်ဗျား ဖန်တီးတည်ထောင်ဖို့လိုအပ်တာကတော့ အသင်းအဖွဲ့ကောင်းတစ်ခုကိုပါ။ ကျွန်တော်အဓိက အချိန်ပေးဖြစ်တာဆိုရင်လည်း ကျွန်တော့်ရဲ့အဖွဲ့အတွက်ပါပဲ။
___________________________

8. အကောင်းဆုံးအတွေ့အကြုံတွေပေးပါ။

Facebook သုံးစွဲသူတွေအတွက် ကျွန်တော်တို့ဘက်က newsfeed ကနေ အကောင်းဆုံးအတွေ့အကြုံကိုပဲ ခံစားစေပါတယ်။ ဒါကြောင့် business တစ်ခုခုက သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် content တစ်ခုခုမျှဝေရင် ကျွန်တော်တို့ဘက်ကလည်း သုံးစွဲသူတွေကို ချပြမှာပါ။ ဘာမှအရေးမပါတဲ့ content ကိုတော့ ချမပြတတ်ပါဘူး။ ဒါကြောင့် ခင်ဗျားဟာ Facebook မှာ အခမဲ့ page တစ်ခုကို ဘယ်လိုအသုံးချသင့်သလဲဆိုတာ စဉ်းစားနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် ကျွန်တော်အကြံပေးချင်တာကတော့ Follower တွေနဲ့ customer တွေအတွက် အရေးပါမယ့် content တွေ ဖန်တီးဖို့ပါပဲ။
___________________________

9. ကိုယ့်အလုပ်ကိုယ် ဂရုစိုက်တတ်ပါစေ။

ကျွန်တော့်ရဲ့ လုပ်ငန်းကို ထပ်တလဲလဲ ဝေဖန်ဆန်းစစ်ပြီး ဘာတွေလုပ်နိုင်မလဲဆိုတာ စဉ်းစားရင်းနဲ့ အချိန်တော်တော်များများကို ကုန်ဆုံးစေတတ်ပါတယ်။ Facebook ဟာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းဖြစ်နေပါပြီ။ ဒါက ကျွန်တော်တို့ရဲ့ company ကျွန်တော်တို့ရဲ့ အစဉ်အလာ ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့တွေ အားလုံးက ဂရုပြုတဲ့အရာပါ။ ဒါကြောင့် အောင်မြင်တဲ့အရာတစ်ခုဟာ အချိန်ကာလနဲ့မဆိုင်ဘဲ သူ့ကိုဖန်တီးတဲ့သူတွေက သူ့အပေါ်မှာ ဘယ်လောက် အာရုံစိုက်ကြသလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်ယူဆပါတယ်။
___________________________

10. လူမှုဆက်ဆံရေးက အရေးကြီးပါတယ်။

ကျွန်တော်နဲ့အတူ facebook ကို စတင်တည်ထောင်သူတွေ ကျွန်တော့်ဘေးမှာအခုချိန်ထိရှိနေသေးသူအများစုဟာ ကျွန်တော်နဲ့ ဟားဗတ်မှာ စတွေ့သူတွေပါ။ ဟားဗတ်မှာ ကျွန်တော့်ကို ဘေးကနေ သင်ကြားပေးသူတွေနဲ့ သူငယ်ချင်းအရင်းအချာတွေ အများကြီးရှိပါတယ်။ ကျောင်းစာတွေနဲ့ လုံးထွေးနေတဲ့ကြားက Facebook ကို ကျွန်တော်ဖန်တီးတာဟာ ကျွန်တော်တို့အတွက် ဒီလို လူမှုဆက်ဆံရေးတွေက အရေးကြီးတယ်လို့ ယုံကြည်ထားလို့ပါ။ လူတော်တော်များများက ကျောင်းတက်တယ်ဆိုတာ ကျောင်းစာရမှတ်တွေအပေါ်မှာပဲ အာရုံစိုက်ဖို့လို့ထင်ကြပါတယ်။ တကယ်တော့ သူငယ်ချင်းတွေရဲ့ အခန်းကဏ္ဏကလည်း အရေးပါပါတယ်။ Facebook ကို တချို့တွေက အချိန်ဖြုန်းဖို့သက်သက်ပဲလို့ မြင်ကြပေမယ့် ကျွန်တော်ကတော့ လူမှုပေါင်းသင်းဆက်ဆံရေးက အင်မတန်အရေးပါတယ်လို့ ထင်ပါတယ်။ ကျွန်တော်သာ ပညာရေးမှာထူးချွန်သလောက် လူမှုဆက်ဆံရေးကဏ္ဏမှာ အာရုံမစိုက်ခဲ့ရင် ဒီနေ့ဒီနေရာမှာ ကျွန်တော်ရှိနေမှာမဟုတ်ပါဘူး။

Source: Moe