ယထာဘူတကျကျ ရှုမြင်တင်ပြလေ့ရှိသဖြင့် သူ့ကာတွန်းများ လူကြိုက်များ ရသည်။ ယခု ဆောင်းပါးသည် သူရေးသားခဲ့သည့် Secret of Success: Failure ကို ဆီလျော်အောင် ဘာသာပြန်ဆိုလိုက်ခြင်း ဖြစ်ပါသည်။ သင် မအောင်မြင်သည်များထံမှ မည်သို့ သင်ခန်းစာယူရမည်၊ တတ်ကျွမ်းမှုများ ရယူရမည်နှင့် စိတ်ကူးအကြံများ ထုတ်နိုင်သည်တို့ကို တင်ပြသွားမည်။ မိမိ၏ ရူးသွပ်မှုနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခြင်းသည် အဘယ်ကြောင့် ပြဿနာကို မီးထွန်း ရှာခြင်းဖြစ်နေရသည်ကိုလည်း တင်ပြသွားမည်။
ထိပ်ကိုရောက်အောင် တက်ဖို့ အကောင်း ဆုံးနည်းကဘာလဲဆိုတော့ မအောင်မမြင်ဖြစ်ရ ခြင်းပါပဲ။
တကယ်လို့ ခင်ဗျားက ခင်ဗျား ဖြစ်ချင်တဲ့ အတိုင်း အောင်မြင်ပြီးသား ဖြစ်နေတယ်။ ကိုယ် ရေးကိုယ်တာအရရော သက်မွေးပညာနဲ့ ပညာ ရှင်တစ်ဦးအရရော အောင်မြင်ပြီးသား ဖြစ်နေ ပါတယ်ဆိုရင် ကျွန်တော် ၀မ်းမြောက်စကားကို ဆိုပါတယ်။ ကွန်ဂရက်ကျူလေးရှင်းပါခင်ဗျား။
ဒီမှာ သိပ်မကောင်းလှတဲ့ သတင်းတွေ ဖော်ပြထားတယ်။ ဒီဆောင်းပါးထံမှ ခင်ဗျား ရတတ်သမျှ အကုန်လုံးဟာ ဖျော်ဖြေမှုတစ်စိတ် တစ်ပိုင်းဖြစ်နေတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်ပါ လိမ့်မယ်။ အောင်မြင်မှုဆီကို ရောက်ဖို့လမ်းမှာ ပြုတ်ကျခဲ့ရတဲ့ လူတစ်ယောက် မအောင်မြင်မှု တွေအကြောင်း ဇာတ်ကြောင်းပါပဲ။ ဒါပေမဲ့ ကျွန်တော် တင်ပြထားတာမှာ ရင်းနှီးပြီးသား အဆင်အကွက်တချို့ကို ခင်ဗျားသတိပြုမိပါ လိမ့်မယ်။ အဲဒါတွေက ခင်ဗျား အောင်မြင်မှု ရခဲ့တာ ကြက်ကန်းဆန်အိုးတိုးတာချည်းသက်သက်ဖြင့် ကံကြောင့်ချည်း ရခဲ့တာ မဟုတ် ကြောင်း အတည်ပြုပေးလို့ ရသွားစေမှာ ဖြစ်ပါ တယ်။(လိုရာဆွဲပြီး အတည်ပြုတာလည်းဖြစ်ချင် ဖြစ်ပါလိမ့်မယ်)
ခင်ဗျားရဲ့ အောင်မြင်ရေးခရီးစဉ်ကို အခုမှ စလုံးရေစ အစပြုတုန်းဆိုရင်၊ အခုအထိ လုပ်ပြီး သမျှတွေမှာ ဘာတွေများ အမှားလုပ်မိသလဲ တောင်တွေးမြောက်တွေး တွေးနေတယ်ဆိုရင်၊ ဒီဆောင်းပါးမှာ ဆန်းသစ်တဲ့ စိတ်ကူးအကြံ တချို့ကို ရရှိပါလိမ့်မယ်။ ခင်ဗျား သိထားတာ တွေနဲ့ ကျွန်တော်က ကျွန်တော် သိတယ်လို့ ထင်တာတွေကို ပေါင်းစပ်ပေးလိုက်နိုင်မယ်ဆို ရင် ပြဿနာပုံထဲကနေ ခေါင်းပြူထွက်နိုင်ပါ လိမ့်မယ်။
လက်တွေ့အသုံးကျတဲ့ အကြုံပေးစကား အဖြစ် ကျွန်တော် ဦးစွာပထမ ရှောင်ရန်တွေကို ပြောပြပါတော့မယ်။
အောင်အောင်မြင်မြင် ဖြစ်နေတဲ့သူတွေ အကြောင်းနဲ့ သူတို့ရဲ့ လုပ်နည်းကိုင်ဟန်တွေ ပြောပြပြီး အကြံပေးထားတာတွေကို အထူး သတိထားရှိပါလျေ။ အခုမှ စလုံးရေစတဲ့သူရဲ့ အခြေအနေတွေနဲ့ ရွှေထီးဆောင်းထားပြီးသား ဖြစ်နေတဲ့သူရဲ့ အခြေအနေတွေ မတူပါဘူး။ ဖားတုပြီး ခရုခုန်မလို့လား။ နောက်တစ်ချက်က သူ့အရပ်ရဲ့ ဇာတ်က ကိုယ့်အရပ်ရဲ့ ဇာတ်နဲ့ အံကိုက်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သောမတ်စ် အက်ဒီဆင်က နေ့ခင်းတစ်မှေး အိပ်စက်ရတာ သဘောကျတယ်ဆိုလို့ သူ့လို အောင်မြင်ချင်လို့ ခင်ဗျားက တစ်မှေးလိုက်အိပ်တော့မလို့လား။ ဆိုကြပါစို့။ ခင်ဗျားက သန့်ရှင်းရေး လုပ်ပေးတဲ့ လုပ်ငန်းပိုင်နက်ကြီး တစ်ခုကို ထူထောင်ဖို့ စတင်လုပ်ဆောင်နေသူ ဖြစ်နေရင် နေ့လည် တစ်မှေးအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ လာပြောပြတဲ့ အကြံပေးစကားဟာ ခင်ဗျားအဖို့ အရေးပါလှမယ် မထင်ဘူး။
နောက်တစ်ချက်က အတ္ထုပ္ပတ္တိရေးကြတဲ့ သူတွေက ရွှေထီးဆောင်းပြီး အောင်မြင်နေတဲ့ သူရဲ့ အတွင်းသဘော အတွေးအမြင်တွေကို ဘယ်သောအခါမှ သိခွင့် မရကြပါဘူး။ ဆိုကြပါ စို့။ အတ္ထုပ္ပတ္တိရေးကြတဲ့သူက ဟင်နရီဖို့ဒ်က ကားတွေကို စီတန်းတပ်ဆင်စနစ်ဖြင့် သွက် လက်မြန်ဆန်စွာ တစ်မိနစ် တစ်စီး ပြီးစီးအောင် ထုတ်လုပ်တဲ့စနစ်ကို တီထွင်ခဲ့တယ်။ အဲဒီလို တီထွင်တာ အမျိုးသမီးတွေက သူ့ကို အထင် တကြီးဖြစ်စေချင်လို့ပါဆိုပြီး ရေးထားတယ်ဆို ရင် အဲဒါ ရေးတဲ့သူက သူထင်တာ လျှောက်ရေး ထားတာသာ ဖြစ်ပါလိမ့်မယ်။
အဲဒီလို အောင်မြင်နေသူကို အခြေပြုပြီး အကြံပေးတာတွေ အကုန်လုံးထဲမှာ အန္တရာယ် အကြီးမားဆုံးကတော့ အောင်မြင်သူကိုယ်တိုင် က တိုက်ရိုက်အကြံပေးတာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ခင်ဗျား မကြာခဏ ကြားဖူးမှာပါ။ သူတို့က ပြောတယ်။
“ခင်ဗျား ရူးသွပ်နေတဲ့ဟာ နောက်ကို လိုက်ပါ”
ကြားကြားချင်းမှာတော့ ခင်ဗျား စိတ်ထဲ လုံးဝကျိုးကြောင်းဆီလျော် မှန်ကန်သင့်မြတ် တယ်လို့ ယူဆပါလိမ့်မယ်။
ကိုယ်ရူးသွပ်နေတာကို လုပ်ကိုင်တဲ့အခါ ခင်ဗျားမှာ ခွန်အားတွေ မြင့်မားနေတယ်လို့ ယူဆနိုင်ပါတယ်။ ကိုယ်လုပ်တာကို လက်မခံဘဲ ပယ်ချတာတွေကိုလည်း ခံနိုင်ရည် မြင့်မားနေ မယ်လို့ မှတ်ယူနိုင်ပါတယ်။ စိတ်ပိုင်းဖြတ်ထား တာကလည်း ပြတ်သားနေတယ်။ အရူးသွပ်ဆုံး ဖြစ်နေချိန်မှာ သူတစ်ပါးကို စည်းရုံးသိမ်းသွင်း တာမှာလည်း ပိုမိုစွမ်းဆောင်ပေးနိုင်တယ်။အဲဒါ တွေ အားလုံးဟာ ကောင်းချက်တွေချည်းပဲ။ ဟုတ်တယ်မဟုတ်လား။
ဒီမှာ အပြန်အလှန်ငြင်းခုံချက် ရှိတယ်။ ကျွန်တော်က ဘဏ်အကြီးစားတစ်ခုမှာ စီးပွား ရေး ချေးငွေအရာရှိအဖြစ် လုပ်ကိုင်ခဲ့စဉ်တုန်းက ချမှတ်ပေးထားတဲ့ တားဆီးချက်ရှိတယ်။ မိမိ ရူး သွပ်တဲ့နောက်ကို လိုက်လုပ်နေတဲ့သူကို ဘယ် သောအခါမှ ငွေ ထုတ်မချေးပါနဲ့တဲ့။
ဥပမာအားဖြင့် အားကစားမှာ စိတ်အား ထက်သန်နေတဲ့သူကသူဝါသနာပါတဲ့အလျောက် အားကစားပစ္စည်းဆိုင်ဖွင့်ဖို့ လုပ်တယ်။ အား ကစားနဲ့ ပတ်သက်တာတွေထဲက တစ်ခုကို သူ လုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလူက ဆိုင် အတွက် အရင်းအနှီးလိုလို့ ငွေလာချေးရင် သူ့ ကို ငွေမချေးရဘူး။ သူ့ဘက်နေ ခင်ဗျား လောင်း မယ်ဆိုရင် မလောင်းသင့်ဘူး။ သူ စိတ်ပါလို့ ထလုပ်တာလို့ပဲ ရှုမြင်ရမယ်။ အဲဒီထက် မပိုဘူး။ သူ စီးပွားရေးလုပ်တာက စီးပွားရှာဖို့ မဟုတ်တာ မို့ အကြောင်းရင်းခံက လွဲမှားနေပါတယ်။
ကျွန်တော့ရဲ့ ဘောစိက စီးပွားရေးချေးငွေ ထုတ်ချေးတဲ့သူအဖြစ် လုပ်ကိုင်လာတာ သက် တမ်း နှစ်ပေါင်း ၃၀ ကျော်ပြီ။ သူက ပြောပြ တယ်။ ငွေထုတ်ချေးဖို့ အကောင်းဆုံးဖြစ်မယ့်သူ ဟာ ဝါသနာကြီးတာ ဘာဆိုဘာမှ မပါဘဲ တစ် ခုခုကို ကြိုးစားပမ်းစား ကြိုးစားအားထုတ်ကြည့် ဖို့ ငွေချေးတာဆိုရင် အောင်စာရင်းမှာ အမှတ် ကောင်းကောင်းပေးရမယ်တဲ့။ ငွေချေးတဲ့သူက အခြောက်လျှော်တဲ့ပင်မင်းဆိုင် ဖွင့်ချင်လို့၊ အခု မှာ အခုရ အခုယူသွား စားသောက်ဆိုင်ဖွင့်ချင် လို့ အရင်းအနှီး လိုအပ်လို့ ငွေလာချေးတာဆို ရင် ထူးမခြားနား ပျင်းစရာပါတဲ့။ ဒါပေမဲ့ အဲဒီလူ ကို ငွေထုတ်ချေးနိုင်ပါတယ်။ သူ့ဘက်က လောင်း ကြေးထပ်နိုင်ပါတယ်တဲ့။ ခပ်ရှင်းရှင်း ပြောရရင် ‘ကြိတ်စက်’လိုလူစားမျိုးဖြစ်ရမယ်။ ကြိတ်စရာအလုပ်ရှိနေတာကို ညက်အောင် ကြိတ်ပေးလိုက်မယ်။ ကြိတ်ပေးရတာကို ချစ်လို့ မဟုတ်တဲ့ လူစားမျိုးပါ။ ကိုယ်လုပ်မယ့်အလုပ်ကို ချစ်လို့ဆိုတဲ့လူမျိုး မဖြစ်ရဘူး။
လူအများစုအဖို့မှာ ဖြစ်မြောက်အောင်လုပ် ကိုင်နေတဲ့ အလုပ်အပေါ် ချစ်မြတ်နိုးမိကြတယ်။ အဲဒီအခါမှာ ရူးသွပ်တာ၊ ဝါသနာကြီးတာရဲ့ အရေးပါမှုကို ပုံပျက်ယွင်းသွားစေတာမို့ အထင် တကြီးဖြစ်လို့ မရတော့ဘူး။
ကျွန်တော့ဘဝတစ်လျှောက်မှာ စီးပွားရှာ ပုံ အမျိုးမျိုးကို ဒါဇင်ချီအောင် လုပ်ခဲ့ဖူးတယ်။ အဲဒီအလုပ်တိုင်းဟာ စစချင်းမှာတော့ကျွန်တော့ ကို စိတ်လှုပ်ရှားတက်ကြွစေခဲ့ပါတယ်။ အဲဒါ ရူးသွပ်တာလို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။
(နောက်ရက်တွေမှာ ဆက်လက်ဖော်ပြပါဦးမည်)