Life Hacks

နစ်မြုပ်နေတဲ့ကြော်ငြာ ပြန်ဆယ်ယူမှာလား

Read 625 times
နစ်မြုပ်နေတဲ့ကြော်ငြာ ပြန်ဆယ်ယူမှာလား

ကျွန်ုပ်တို့သည် ငွေဖြစ်စေ၊ အချိန်ဖြစ်စေ၊ အခြားသော အခြင်းအရာဖြစ်စေ သုံးစွဲရာ၌ ရေစုန် မျောသွားပြီး ပြန်ရနိုင်စရာလမ်း မရှိတော့သည်ကို အသိအမှတ်ပြုဖို့ ၀န်လေးနေကြခြင်းသည် နစ်မြုပ် စရိတ်ကို နှမိနှမြော ဖြစ်နေမိကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငွေကြေးနှင့် ပတ်သက်လာလျှင် သတိမူမိခြင်း ပြင်းထန်သဖြင့် နစ်မြုပ်စရိတ်အတွေးမှားကို ဥပမာ ပြကြရာ၌ ငွေကြေးဆုံးရှုံးပုံဖြင့် တင်ပြ ကြလေ့ရှိသည်။ အကယ်စင်စစ် အချိန်၊ လုပ်အား စသည်များလည်း ဤကိစ္စတွင် အကျုံးဝင်ပေသည်။
သင်သည် မိသားစုနှင့်အတူ ရန်ပုံငွေရှာသည့် ပျော်ပွဲရွှင်ပွဲတစ်ခုကို သွားရန် လက်မှတ်များ ၀ယ် ထားသည်။ သွားမည့်နေ့တွင် သမီးငယ် ကောက်ခါ ငင်ခါ ဖျားသည်။ သွေးလွန်တုပ်ကွေးဟု သံသယရှိ သည်။ လက်မှတ်ဖိုးများ ဆုံးရှုံးမှာကို မလိုလား သဖြင့် သင်က ကျန်သည့်အိမ်သူအိမ်သားများနှင့် အတူ ပွဲကို သွားမည်ဆိုလျှင် ဆီလျော်မည် မဟုတ် ပေ။ သင် အိမ်မှာ နေရစ်ခဲ့ပြီး လက်မှတ်ဖိုးကို အဆုံး ခံရမည်ဖြစ်သည်။ လက်မှတ်ဖိုးမှာ ငွေပြန်အမ်းမည် မဟုတ်ချေ။ လူစားတစ်ယောက် ရှာမရလျှင် အဆုံးခံ ရမည်သာဖြစ်သည်။ အကယ်၍ သင်သည် ဖျားနေ သော သမီးကို ထားရစ်ခဲ့ပြီး ပွဲကို သွားခြင်းဖြင့် လက်မှတ်ဖိုး မဆုံးရှုံး၊ တစ်နည်းတစ်ဖုံ ပြန်ရအောင် လုပ်လိုက်ခြင်းဟု ယူဆမည်ဆိုပါက သင်သည် နစ်မြုပ်စရိတ် အတွေးမှားနေပြီဖြစ်သည်။ ၎င်းသည် အန္တရာယ်ကြီးမားနိုင်သည်။
နစ်မြုပ်စရိတ်ကို ကြော်ငြာဖန်တီးပြီး ငွေကုန်ခံခါ ကြော်ငြာကြရာ၌လည်း တွေ့ကြရသည်။ ကြော်ငြာတစ်ခု အကုန်အကျခံ၍ ဖန်တီးရခြင်းသည် လောင်းကစားဆန်သည်။ ကြော်ငြာထံမှ သင် မျှော်မှန်းထားသော အကျိုးကျေးဇူးများ ပြန်မရ။ သို့သော် ငွေ၊ အချိန်၊ လူအား အစရှိသည်တို့ အကုန်ခံထားပြီးပြီ ဖြစ်သဖြင့် လွှင့်ပစ်လိုက်ရမှာကို နှမြောသည်။ သို့ဖြစ်ရာ အကျိုးမရှိမှန်း သိပါလျက် ၎င်းကြော်ငြာကို ဆက်သုံးသည်။ ငွေထပ်အကုန်ခံသည်။ အကယ်စင်စစ် သင်သည် လှုပ်လေမြုပ်လေ ဖြစ်နေပြီဆိုလျှင် အမြန်ဆုံးရုန်းထွက်လိုက်ရမည်။ စိတ်ပြတ်ပြတ်ဖြင့် သံယောဇဉ် ဖြတ်ရမည်။ အတိတ်မှာ ကုန်ခဲ့သည်တို့ ကို ဥပေက္ခာပြုထားရမည်။ ပစ္စုပန်ကိုသာတည့်တည့် ကြည့်ရမည်။
ဖြစ်ပျက်နေသည်တို့သည် အနီးကပ်ကြည့် မည်ဆိုပါက စိတ်ပျက်စရာဖြစ်နေသည်။ ခပ်ဝေးဝေး မှ ကြည့်မည်ဆိုပါက ရယ်စရာဟာသ ဖြစ်နေသည်။ ယခု သင်ပူပန်သောကဖြစ်နေသည်မှာ အနီးကပ်နေ ၍ ဖြစ်သည်။ နောင်တစ်ချိန် ဝေးကွားသွားချိန်တွင် ပြန်ပြောင်းတွေးကြည့်ပါက ပြုံးမိမည်။ ကိုယ့်ကိုယ် ကိုယ် လှောင်ပြုံးကလေး ပြုံးမိမည်ဖြစ်သည်။
ကုမ္ပဏီတစ်ခုကို စဉ်းစားကြည့်ကြမည်။ ၎င်း ကုမ္ပဏီသည် ကြော်ငြာကမ်ပိန်း တစ်ခုတွင် ဒေါ်လာ သန်း ၅၀ သုံးစွဲခဲ့ပြီးပြီဖြစ်သည်။ ကမ်ပိန်းသည် လျာထားသည့် ပြီးစီးချိန်ထက် နောက်ကျနေသည်။ သို့ဖြစ်ရာ အကျိုးကျေးဇူး ပြန်ဝင်မည့် အချိန်လည်း နောက်သို့ ရွေ့သွားသည်။ ထို့အပြင် ကြိုတင်ခန့်မှန်းကြည့်သောအခါ စစချင်း တုန်းကလောက် မက်စရာမကောင်းတော့ဟု အဖြေထွက်သည်။ ဤကမ်ပိန်းကို ဆက် လက် ကြိုးစားကြည့်လိုပါက နောက်ထပ် ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံရမည်။ ထိုငွေပမာဏကို အခြားနည်းလမ်းတစ်ခုအဖြစ် ကြော်ငြာအသစ်တစ်ခု တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ပြန်ရမည့် အကျိုးကျေးဇူးသည် ယခုထက် ပိုမြင့်မားမည်ဟု ခန့်မှန်းထား သည်။ ကုမ္ပဏီ ဘာလုပ်သင့်သနည်း။ ကုမ္ပဏီ အားလုံး အမြဲတမ်းနီးပါး ပြုကြသည်မှာ ငွေမျော သည်ကို ငွေဖြင့်လိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်လုပ် ခြင်းဖြင့် ကုန်ကျပြီးသားစရိတ်ကို အဖတ်ဆယ်ဖို့ ကြိုးစားကြသည်။ ဆက်မလုပ်ဘဲ ရပ်ပစ်ရလျှင် ကျရှုံးသည်ဟု ရှယ်ဖွယ်လိလိ ဖြစ်မည့်အရေးကို ရှောင်ကွင်းကြသည်။
ကြိုးစားအားထုတ်မှု မအောင်မြင်ခြင်းကို မဆုတ်မနစ် တိုးပြီးရှေ့ဆက် လုပ်ကိုင်ခြင်းသည် ကုမ္ပဏီအကျိုး၏ ရှုထောင့်မှကြည့်လျှင် မဟာ အမှားဖြစ်သော်လည်း အလုပ်အမှုဆောင်အရာရှိကြီး များ၏ ရှုထောင့်မှကြည့်လျှင် အမှားဟု မဆိုသာချေ။ ကြော်ငြာကြို တာဝန်ယူထားရသော အလုပ်အမှု ဆောင် အရာရှိကြီးများသည် ကြော်ငြာ ရုပ်သိမ်း လိုက်ပါက သူတို့၏ လုပ်သက်မှတ်တမ်းတွင် ဖျက် မရသည့် အမည်းကွက်တစ်ခု ထင်ကျန်ရစ်တော့ မည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက် ရှေ့ဆက်ပြီး အရဲစွန့် လုပ်ကိုင်ကြမည်ဖြစ်သည်။ မူလရင်းနှီးမြှုပ်နှံထားသည်တို့ နစ်မြုပ်နေသည်ကို ပြန်ဆယ်ယူနိုင်မည်ဟု မျှော်လင့်တကြီး ဖြစ်ကြ သည်။ ထိုသို့ ရှေ့ဆက်လုပ်ရန်အတွက် ကုမ္ပဏီ၏ အရင်းအမြစ်များကို သုံးစွဲကြမည် ဖြစ်သည်။ အနိမ့် ဆုံးအနေဖြင့် ကျရှုံးကြောင်း ၀န်ခံရခြင်းကို အချိန် ရွှေ့ဆိုင်းထား နိုင်မည်ဖြစ်သည်။ နစ်မြုပ်စရိတ်များ ရှိနေစဉ် မန်နေဂျာကြီး၏ မက်လုံးသည် ကုမ္ပဏီနှင့် ၎င်းကုမ္ပဏီ၏ အစုရှယ်ယာပိုင်ရှင်တို့၏ အကျိုး စီးပွားနှင့် ဆီလျော်မှု မရှိချေ။ ဤသို့ ကွဲပြား ဆန့် ကျင်ခြင်း ရှိနေပြီကို ဒါရိုက်တာဘုတ်အဖွဲ့က ကောင်းကောင်း သတိမူမိရမည်ဖြစ်ပြီး လိုအပ်ပါက ကုမ္ပဏီ၏ ကြော်ငြာတာဝန်ခံကို လူလဲပစ်မည်ဖြစ်သည်။ ထိုသို့ လူလဲခြင်းသည် ကြော်ငြာတာဝန်ခံအသစ်သည် အဟောင်း ထက် လုပ်ကိုင်နိုင်စွမ်း ပိုကောင်းမည်ဟု ဒါရိုက်တာ ဘုတ်အဖွဲ့အနေဖြင့် စိတ်ချရဖို့ မလိုအပ်ချေ။ ယခင် ကြော်ငြာတာဝန်ခံ၏ စိတ်ထဲ ရှိနေသည့် နစ်မြုပ်စရိတ်ကို အဖတ်ဆယ်လိုစိတ်သည် ကြော်ငြာတာဝန်ခံ အသစ်၏ စိတ်ထဲ မရှိသောကြောင့်သာ လူလဲပစ်ခြင်း ဖြစ်သည်။ ထိုသို့ စိတ်ထဲ မရှိသည့်အတွက် အတိတ်မှ ရင်းနှီးမြှုပ်နှံမှု များကြောင့် ဖြစ်ပေါ်နေသည့် နစ်မြုပ်ကုန်ကျစရိတ် များကို ဥပေက္ခာပြုထားပြီး လက်ရှိဖြစ်ပေါ်နေသော အခွင့်အလမ်းများကို အကဲဖြတ်မည်ဖြစ်သည်။ အသစ်တစ်ခုကို အတိတ်၏ အနှောင်အတွဲ ကင်းကင်းဖြင့် လုပ်ကိုင်ပေးနိုင်မည် ဖြစ်သည်။

နစ်မြုပ်ကုန်ကျစရိတ် အတွေးမှားကြောင့် ညံ့ ဖျင်းသည့်အလုပ်တွင် လူအများတို့ အလုပ်မထွက် ဘဲ ဆက်လုပ်ဖြစ်နေစေသည်။ အိမ်ထောင်ရေး သာယာမှု မရှိသော်လည်း ဆက်လက်ပေါင်းသင်းဖြစ် နေစေသည်။ တိုင်းပြည်အစိုးရတို့သည် အလုပ်မဖြစ် သည့် နိုင်ငံရေးဝါဒအခြေခံ စီးပွားရေးမူဝါဒများကို ခြုတ်ခြုံကျသည်အထိ ဆက်လက်သုံးစွဲမိကြသည်။

နစ်မြုပ်စရိတ်ကို အဓိပ္ပာယ် သတ်မှတ်ရာ၌ အတိတ်၌ ကုန်ကျခဲ့ခြင်း(ငွေ၊ အချိန်၊ လုပ်အား၊ အရင်းအမြစ် စသည်များ)ဖြစ်ပြီး ထိုသို့ ကုန်ကျ ခဲ့ခြင်းသည် အချည်းနှီးဖြစ်နေပြီး ပြန်ရရန် လမ်းမရှိ ဖြစ်နေပါက အဆိုပါ ကုန်ကျမှုသည် နစ်မြုပ်စရိတ် ဖြစ်သည်။
ကြော်ငြာတစ်ခု အလုပ်မဖြစ်သည်ကို သင် သိနေပြီ။ အလုပ်မဖြစ်ကြောင်း သင် ၀န်ခံလိုက်ပါ။ ထိုကြော်ငြာ လုပ်လက်စကို ရပ်ပစ်လိုက်ပါ။ ကြော်ငြာအသစ်တစ်ခု ဖန်တီးဖို့ကို စတင်လိုက်ပါ။