Life Hacks

လိုအပ်တဲ့ အချိန်မှာ အရှိန်တင်နိုင်ဖို့ အရေးကြီးတယ်!

Read 494 times
လိုအပ်တဲ့ အချိန်မှာ အရှိန်တင်နိုင်ဖို့ အရေးကြီးတယ်!

၉ မှတ်ရတယ်။ စုစုပေါင်း ၁၀ ဂိုးရတယ်။ နောက်တစ်သင်းကတော့ ၃ ပွဲမှာမှ ၅ မှတ်ပဲရတယ်။

ဂိုးကလည်း ၄ ဂိုးတည်း။ ဒါပေမယ့် နောက်တစ်ဆင့်တော့ တက်သွားတယ်။

အဲဒီအဆင့်ကို ရောက်တော့ ပထမအသင်းက တစ်ဂိုးမှမရဘဲ ရှုံးသွားတယ်။

နောက်တစ်သင်းကတော့ နိုင်ပြီး နောက်တစ်ဆင့်ကို ထပ်တက်သွားပြန်တယ်။

ပထမတစ်သင်းက ဂိုးတွေလည်း ပိုသွင်းနိုင်ပါရက်နဲ့၊ အမှတ်တွေလည်း ပိုရခဲ့ပါရက်နဲ့ ဘာလို့ နောက်တစ်သင်းလောက် မအောင်မြင်ရတာလဲ

စဉ်းစားကြည့်မိတယ်။ ရှင်းပါတယ်။

သူက ဂိုးတွေတော့ အများကြီးသွင်းနေပေမယ့် အဲဒါတွေက မလိုအပ်တဲ့အချိန်မှာ သွင်းနေခဲ့တာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာကျ လိုအပ်တဲ့ဂိုးကို မရယူနိုင်ခဲ့လို့ပါပဲ။

နိုင်နေတုန်းမှာ ထပ်သွင်းတဲ့ဂိုးနဲ့၊ ရှုံးနေချိန်မှာ ရတဲ့ချေပဂိုးနဲ့သည် ဂိုးချင်းတူပေမယ့် တန်ဖိုးချင်းမတူပါဘူး။

ဒါကြောင့် ဘယ်နှဂိုးသွင်းခဲ့သလဲဆိုတာထက် ဘယ်အချိန်မှာ သွင်းခဲ့သလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေကို ဘောလုံးပြိုင်ပွဲတွေမှာ မကြာခဏ တွေ့ရတတ်တယ်။

အဲဒါနဲ့ စဉ်းစားကြည့်တော့ ကျွန်တော်တို့ဘဝတွေနဲ့ သွားတူနေတာကို သတိထားမိတယ်။

ငယ်ငယ်က မိဘတွေက မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုပြီး ဆုံးမတယ်၊ ရွယ်တူတွေ၊ ဆွေမျိုးသားချင်းတွေထဲက ဆေးလိပ်သောက်တတ်နေတဲ့သူ၊

အရက်ဘီယာသောက်တတ်တဲ့သူ၊ ရည်းစားထားနေတဲ့သူ စသဖြင့် သူတို့တွေကိုပြပြီး ပျက်စီးနေပြီ တွေ့လား၊ သူတို့လို မလုပ်နဲ့၊ အတုမယူနဲ့ ဆုံးမကြတယ်။

အဲဒီဆယ်ကျော်သက်အရွယ်ကတော့ ထင်တာပေါ့၊

သြော် ဟုတ်တယ် သူတို့ကတော့ ပျက်စီးနေပြီ၊ ငါ လိမ္မာမှဖြစ်မယ်၊ ဒါတွေမလုပ်ဘဲ စာပဲကြိုးစားမှရမယ် ဒီလိုတွေးမိခဲ့တယ်။

အဲဒါနဲ့ အရွယ်ရောက်လာတော့ ဆေးလိပ်သောက်တတ်တိုင်း ပျက်စီးနေတာလား?

ဘီယာမော့တတ်တိုင်း ပျက်စီးနေတာလား?

ငယ်ငယ်နဲ့ ရည်းစားထားခဲ့တိုင်း ပျက်စီးနေတာလား?

အဲ့လိုစဉ်းစားမိတော့ ဟုတ်မနေတာကို တွေ့ရတယ်။

ဟုတ်တယ် ငယ်ငယ်ကတော့ ဆေးလိပ်တွေသောက်၊ ဘီယာတွေသောက် လုပ်နေခဲ့တယ်။

မိဘကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီးသွားမှာ စိတ်ပူနေခဲ့လိမ့်မယ်။

ဒါပေမယ့် အချိန်တစ်ခုရောက်လာလို့ သူတို့ကြိုးစားရမယ့်အရွယ် ရောက်လာတဲ့အခါ ကြိုးစားကြတယ်။

ပညာသင်ကြတယ်။ အလုပ်တွေလုပ်ကြတယ်။

အဲဒီလိုအရည်အချင်းတွေ ရှိနေတဲ့သူတွေကို ဆယ်ကျော်သက်ဘဝကတည်းက ရည်းစားထားခဲ့လို့ ဆိုပြီး ဘယ်သူကများ နေရာမပေးတာ ရှိသလဲ၊

ဘီယာသောက်တတ်လို့ ဆိုပြီး အပြစ်တင်နေတဲ့သူ ရှိသလဲ။

ဆေးလိပ်တွေ၊ ဘီယာတွေတော့ မသောက်တတ်ပေမယ့် အရည်အချင်းရှိအောင်လည်း မကြိုးစားခဲ့တဲ့ လူရိုးလူအေးကြီးနဲ့၊ အဲဒီလိုလူမျိုးနဲ့ဆို ဘယ်သူ့ကို ရွေးမလဲ။

ဘယ်သူနဲ့ အလုပ်တွဲလုပ်မလဲ။ (ဒီနေရာမှာ ကျန်းမာရေးရှု့ထောင့်ကိုတော့ ခဏချန်ထားခဲ့စေချင်ပါတယ်နော်)

ပြောချင်တာက ဒါတွေဟာ လုပ်သင့်လုပ်ထိုက်တယ် ပြောနေတာမဟုတ်ဘူး။

အရေးကြီးတဲ့အချိန်မှာ အရေးကြီးတာကို လုပ်နိုင်ဖို့က ပိုလိုအပ်တယ်ဆိုတာကို သိစေချင်တာပဲ။

ကိုယ့်သားသမီး ဆယ်ကျော်သက်အရွယ် ရောက်လာရင် မိဘတွေက သိပ်စိတ်ပူကြတယ်။

မှားဖူးတဲ့မိဘတွေဆို ပိုဆိုးတယ်။ သူတို့လို သူတို့သားသမီးတွေ မှားကုန်မှာကို ကြောက်ကြတယ်။

ယောကျာ်းလေးဆို ဆေးလိပ်တွေ၊ အရက်တွေသောက်တတ်မှာ ပူတယ်။

မိန်းကလေးဆိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားရပြီး ပညာရေးမှာ စိတ်မဝင်စားတော့မှာကို ပူတယ်။

တကယ်တမ်း ပွင့်ပွင့်လင်းလင်းပဲ ပြောရရင်တော့ ဘာအမှားမှ မလုပ်ဖူးတဲ့ ဆယ်ကျော်သက်ဆိုတာ လောကမှာ မရှိသလောက်ပါပဲ။

ဘာကိုမှမလုပ်ဖူးဘဲ တအားလိမ္မာနေပြန်ရင်လည်း သူ တစ်ချိန်လောကကြီးထဲ တစ်ယောက်တည်းဝင်ပြီဆိုတဲ့အခါကျ အနည်းနဲ့အများ ပြဿနာဖြစ်လာနိုင်တယ်၊

လူရည်မလည်တော့ဘူးကိုး။ ဆယ်ကျော်သက်အရွယ် ဖြစ်လာရင် လိင်ကိစ္စနဲ့ အချစ်ရေးကို စိတ်ဝင်စားလာကြမယ်။

ယောကျာ်းလေးတွေ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြမယ်။

ဘီယာတွေ အရက်တွေကို လက်တည့်စမ်းကြမယ်။

ဒါ သဘာဝပဲ လို့ လက်ခံပေးဖို့ လိုတယ်။

တအားမပိတ်ပင်ဖို့ လိုတယ်။

အဓိကက ဒါတွေကနေ အလွန်အကျွံ ဖြစ်သွားတဲ့အထိ၊ အန္တရာယ်ပေးလောက်တဲ့အထိ ဖြစ်မသွားဖို့ပဲ လိုတာ။

ဒီလိုမဖြစ်အောင် ထိန်းပေးလိုက်နိုင်ရင် ရပြီ။ ဘောလုံးပွဲဥပမာနဲ့ ပေးရရင် ပွဲတိုင်းနိုင်နေစရာ မလိုဘူး။

တစ်ခါတစ်လေ သရေကျမှာပေါ့။ တစ်ခါတစ်လေ ရှုံးမှာပေါ့။ လိုရင်းက အရေးကြီးတဲ့ပွဲမှာ အနိုင်ရဖို့ပဲ မဟုတ်လား။

တကယ်တော့ ဘဝဆိုတာ မာရသွန်ပြေးပွဲနဲ့တူတယ်။

တာတိုပြေးပွဲမဟုတ်တဲ့အတွက် အပြေးမြန်ရုံတစ်ခုတည်းနဲ့ မရဘူး။ သက်လုံကောင်းဖို့ လိုတယ်။

အချိန်အဆ မှန်ဖို့လိုတယ်။ ဇွဲရှိဖို့လိုတယ်။ အရေးကြီးဆုံးကတော့ အရှိန်တင်ရမယ့်အချိန်မှာ အရှိန်တင်တတ်ဖို့လိုတယ်။

နောက်တစ်ခု၊ များသောအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်တယ်။

ကျွန်တော်တို့ငယ်ငယ်ကလည်း ဖြစ်ခဲ့တာပဲ။

ဘာလဲဆိုတော့ သူများနဲ့တိုင်းပြီး ကိုယ့်ကိုယ်ကိုယ်နောက်ကျနေပြီ ထင်တာပေါ့။

ဆယ်တန်းတုန်းကလည်း သူများတွေ အမှတ်ဘယ်လောက်ရတာ၊ ဆေးကျောင်းတက်ကုန်ပြီ၊ နောက် ဘွဲ့ရပြီးတော့လည်း သူများတွေ အလုပ်ရကုန်ပြီ၊

လစာဘယ်လောက်ရနေပြီ၊ ငါကတော့ မရသေးဘူး စသဖြင့် ပူပန်တယ်။

အဲဒီတော့ ရရာအလုပ်ကို ဝင်လုပ်ကြတယ်၊ လစာရဖို့သက်သက်ပေါ့။

ကိုယ်တကယ်စိတ်ဝင်စားတာ မဟုတ်တော့ အလုပ်မှာမပျော်၊ ကြိုးစားအားထုတ်မှုမရှိ၊ အဲတော့ အလုပ်မှာမအောင်မြင်။

ဒါကြောင့် အလုပ်က ကိုယ့်ကိုရွေးတာ မဟုတ်ဘဲ ကိုယ်က အလုပ်ကိုရွေးဖို့လိုတယ်။

အဲ့ဒီအတွက် သူတစ်ပါးနဲ့ သွားပြီးမနှိုင်းဖို့ အရေးကြီးတယ်။

အားလုံးဟာ ကိုယ့်ပြေးလမ်းနဲ့ကိုယ် ပြေးနေကြတာပဲ။

မိဘချမ်းသာတဲ့သူ၊ ထောက်ပံ့ပေးနိုင်တဲ့သူကတော့ တာထွက်တာ ရှေ့ပိုရောက်တာပေါ့။

ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊

နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။

ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

သူလည်း သူ့လမ်းနဲ့သူပြေးနေတယ်။ ကိုယ်လည်း ကိုယ့်လမ်းနဲ့ကိုယ် ပြေးနေတယ်။

ဒါပေမယ့် အဲဒါကို အပြစ်တင်နေလို့၊ ထိုင်အားကျနေလို့တော့ အလကားပဲ။

တကယ်တော့ ပန်းအရင်ဝင်ဖို့က အရေးမကြီးဘူး။ ဆုံးအောင်ပြေးနိုင်ဖို့ပဲ လိုတာ။

ဒီတော့ ကိုယ့်ပြေးလမ်းကိုပဲ အာရုံအပြည့်စိုက်ထားဖို့ အရေးကြီးတယ်။

ဒါကြောင့် အနှစ်ပြန်ချုပ်ရရင် ကျွန်တော်တို့ဟာ မာရသွန်ပြေးပွဲ ဝင်ပြိုင်နေကြတာ ဖြစ်ပါတယ်။

အပြေးမြန်ရုံနဲ့၊ ဆိုလိုတာက တစ်ခုခုမှာ ပါရမီပါတယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။

ပန်းဝင်အောင်ပြေးနိုင်ဖို့ဆိုရင် သက်လုံကောင်းရမယ်၊ ကိုယ့်ပြေးလမ်းပဲ ကိုယ်အာရုံစိုက် ပြေးရမယ်၊ အရေးကြီးဆုံးကတော့ လိုအပ်တဲ့အချိန်မှာ အရှိန်တင်နိုင်ဖို့ပါပဲ။

ဒါဆိုရင်တော့ သူများထက် နောက်ကျရင်တောင် ကျိန်းသေပေါက် ပန်းဝင်ပြီး အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

Recommended for you-သင်ရှုံးခွင့်ရှိတယ် သို့သော်....

Credit; ဒေါက်တာ ဖြိုးသီဟ