ကျွန်တော်တို့တွေဟာ လက်ရှိအလုပ်ကနေ ဘယ်အချိန်မှာ ထွက်သင့်သလဲဆိုတာကို အမြဲတွေဝေတတ်ကြပါတယ်။ အခုလက်ရှိ အလုပ်ကနေထွက်ပြီးရင် အလုပ်အသစ်ပြန်ရမယ့် အချိန်နဲ့ "အလုပ်သစ်မှာရော အဆင်ပြေပါ့မလား" ဆိုပြီး စိတ်ပူတတ်ကြပါသေးတယ်။ ဒါကြောင့် လက်ရှိအလုပ်ကနေ ထွက်ကိုထွက်သင့်တဲ့ အချိန်နဲ့ အခြေအနေတွေကို သေချာစဉ်းစား ဆုံးဖြတ်သင့်ပါတယ်။ ဒါမှသာ နောင်တမရမှာပါ။
(၁) လက်ရှိအလုပ်က သင့်ကို ကျန်းမာရေးထိခိုက်လာစေတဲ့အခါ
ဒရမ်မာရုပ်ရှင်တွေထဲကလို အသက်အန္တရာယ်များပြီး ညစ်ပတ်စုတ်ပြတ်နေတဲ့ စက်ရုံတွေမှာ အလုပ်လုပ်မှသာ ကျန်းမာရေး ထိခိုက်တာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေးထိခိုက်တာဟာလည်း ကျန်းမာရေး ထိခိုက်တာပါပဲ။ သင်အခု လုပ်ကိုင်နေတဲ့ အလုပ်ဟာ သင့်ကို အရမ်းစိတ်ဖိဆီးစေတယ်ဆိုရင် သင့်အနေနဲ့ ပြန်လည်စဉ်းစားသင့်ပါတယ်။ သင့်အနာဂတ်အတွက် တကယ်ကောင်းမွန်နိုင်တယ်ဆိုမှသာ သင်အဲဒီအလုပ်မှာ ဆက်နေသင့်ပါတယ်။ မဟုတ်ရင်တော့ အမြန်ထွက်လိုက်ပါ။
(၂) လစာမတိုးတဲ့အခါ
ကျွန်တော်တို့အားလုံးဟာ ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကြတာချည်း မဟုတ်ပါလား? သင်အခုလုပ်နေတဲ့ အလုပ်ဟာ သင့်ကို လစာမတိုးပေးဘူးဆိုရင် နောက်အလုပ်တစ်ခုကို အမြန်ဆုံး ရှာသင့်ပါတယ်။ ဒါပေမယ့် သင်အခုလုပ်နေတဲ့ အလုပ်ဝန်းကျင်က ပျော်စရာကောင်းပြီး သင်ဝါသနာပါရာလည်း ဖြစ်နေတယ်ဆိုရင်တော့ တမျိုးတဖုံ စဉ်းစားပါ ။ ဥပမာ- လစာတိုးတောင်းခြင်း။ အဲဒီလိုမှမဟုတ်ဘဲ သင်လုပ်ကိုင်ရတာလည်း မပျော် လစာလည်းမကောင်းရင်တော့ အဲဒီအလုပ်ကနေ အမြန်ထွက်ပြီး အလုပ်သစ်ရှာသင့်ပါတယ်။
(၃) ဝါသနာပါရာကို ဦးစားပေးချင်လာတဲ့အခါ
လုပ်ချင်တာနဲ့ လုပ်သင့်တာ ထပ်တူမကျတဲ့ အချိန်တွေ ကျွန်တော်တို့အားလုံးမှာ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ဝါသနာနဲ့ ပျော်ရွှင်မှုထက် စားဝတ်နေရေးကိုပိုပြီး အာရုံစိုက်ကြရပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ အရဲစွန့်ပြီး အိပ်မက်တွေနောက်ကို ရဲရဲကြီး လိုက်သင့်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ အခုအချိန်မှာ သင်လက်ရှိလုပ်နေတဲ့ အလုပ်ကနေ တခြားသော အလုပ်အသစ်တစ်ခု (Career ပြောင်းခြင်း) ကို ပြောင်းလဲလုပ်ကိုင်ချင်ရင်လည်း ပြောင်းလို့ရပါတယ်။ ဒါပေမယ့် သင်ပြောင်းလဲ လုပ်ကိုင်မယ့် အလုပ်အသစ်မှာ လိုအပ်မယ့် အရည်အချင်းတွေ အသိပညာ/ အတတ်ပညာတွေကို သင့်ဘက်က ကြိုတင်ဖြည့်ပြီးညပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
(၄) သင့်ရဲ့ Personality ကို ပြောင်းလဲသွားစေတဲ့အခါ
တစ်ချို့သော အလုပ်တွေဟာ ခိုး ၊ ဆိုး ၊ လု ၊ နှိုက်နေကြတာမဟုတ်ပေမယ့်လည်း လူတစ်ယောက်ရဲ့ ရှိရင်းစွဲ Personality ကို အလွန်ပြောင်းလဲစေပါတယ်။ သင်လည်း သင့်ကိုသင် သတိထားပြီး ပြန်လည် စစ်ဆေးပါ။ သင်အခုလုပ်နေတဲ့ အလုပ်ဟာ သင့်အတွက် သင်မလိုချင်တဲ့ Lifestyle မျိုး (ဒါမှဟုတ်) သင့်ရဲ့ Personality ကို ဆိုးရွားစွာ ပြောင်းလဲသွားစေတယ်ဆိုရင်တော့ အလုပ်ထွက်သင့်နေပါပြီ။
(၅) ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ငွေကြေးစုဆောင်းမိလာတဲ့အခါ
သင်ဟာ လခစားဝန်ထမ်းမဖြစ်ချင်ပဲ ကိုယ်ပိုင်အလုပ် လုပ်ချင်တဲ့သူဖြစ်ရင်တော့ လခစားလုပ်ရာကနေ ရလာတဲ့ ဝင်ငွေလစာကို စိစိစစ်စစ် အသုံးပြုပြီး စုဆောင်းထားသင့်ပါတယ်။ သင်ပြောင်းလဲ လုပ်ကိုင်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်း အတွက် သင့်တင့်လုံလောက်တဲ့ ပိုက်ဆံစုဆောင်းမိပြီဆိုရင်တော့ လက်ရှိအလုပ်ကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ပါတယ်။
Credit;Lunge.media