Life Hacks

အချိန်ရဲ့ တန်ဖိုး

Read 1320 times
အချိန်ရဲ့ တန်ဖိုး

သူတို့ကအားနာတတ်တယ်။ အားနာတတ်တဲ့အတွက် သူများလိုအပ်တိုင်း လိုက်ပြီးလုပ်ပေးလေ့ရှိတယ်။ ရုံးက မမတွေက မုန့်သွားဝယ်ပေးပါအုံးဆိုလည်း သွားလိုက်တာပဲ။ မိတ္တူသွားကူးပေးပါအုံးဆိုလည်း သွားကူးပေးလိုက်တာပဲ။ ကြာတော့ သူများတွေက ခိုင်းလို့ရမှန်းသိတော့ ပိုခိုင်းလာတယ်။ ကိုယ့်အလုပ်လည်းမပြီး၊ ဘောစိဆူတာလည်း ခံရ၊ ကိုယ်ကူညီပေးတဲ့သူတွေ အသိအမှတ်ပြုတာလည်း မခံရနဲ့ စိတ်ညစ်လာရော။ ဘာလို့ အဲ့ဒီအခြေအနေကို ရောက်သွားတာလဲ....

အဲ့ဒါကို မရှင်းပြခင် တစ်ခုတော့ ပြောရအုံးမယ်။ အဲ့ဒီအခြေအနေကို ကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိပါတယ်။ ကူညီနေရရင် ပြီးရောဆိုပြီး ပျော်မွေ့နေသူတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေကိုလည်း မှားတယ်လို့ မဆိုလိုပါဘူး။ သူတို့ခံယူချက်နဲ့သူတို့ပဲလေ။ ဒါပေမယ့် အဲ့ဒီလို အခြေအနေရောက်နေတာကို စိတ်ထဲမပျော်ရွှင်မိဘူးဆိုရင်တော့ ဒီစာကို ဆက်ဖတ်နိုင်ပါတယ်။ အကူအညီပေးတယ်ဆိုတဲ့ နေရာမှာ (၂)မျိုးရှိတယ်။ ပထမတစ်မျိုးက တကယ်အကူအညီလိုလို့၊ သူလည်းဘယ်လိုမှ လုပ်လို့ အဆင်မပြေလို့ အကူအညီတောင်းတာ ဖြစ်ပါတယ်။

နောက်တစ်မျိုးက ကိုယ့်ကို အသုံးချတာပါ။ သူ့အလုပ်သူမလုပ်ပဲ အားနာတတ်တဲ့လူတွေရဲ့စိတ်ကို အသုံးချပြီး ခိုင်းတာ ဖြစ်ပါတယ်။ လိုက်လုပ်ပေးလေလေ အနိုင်ကျင့်လေလေပါပဲ။ သင်က သူများ လိုအပ်တဲ့အရာရှိတိုင်း သေချာမစဉ်းစားပဲ လိုက်လုပ်ပေးတာ များလာတဲ့အခါ သူတို့က သင့်ကို အချိန်ပေါသူ တစ်ယောက် အဖြစ်မြင်လာပါတယ်။ သူတို့အချိန်ပဲ့သွားရင် ရှော့ရှိပေမယ့် သင့်အချိန်ပဲ့သွားရင်တော့ရှော့ရှိမှာ မဟုတ်ပါဘူးလို့ ထင်လာကြပါတယ်။ သင့်အချိန်ရဲ့Value နဲ့ သူတို့အချိန်ရဲ့ Value မှာ သင့်အချိန်ရဲ့ Value ကနိမ့်ပါးနေတယ်လို့ သူတို့သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။အလုပ်မှာ သူတို့အချိန်ကို အရမ်းလေးစားတတ်တဲ့သူမျိုးတွေ တွေ့ဖူးကြမှာပါ။

လူတွေက အဲ့ဒီလိုလူမျိုးတွေကို သိပ်မနှောက်ယှက်ရဲကြဘူး။ တကယ်လိုအပ်တဲ့ အရာတွေလောက်ပဲ အကူအညီတောင်းကြတယ်။ အဲ့ဒီလူရဲ့ အချိန်ကို ဖဲ့ယူရမယ့်အရာရှိရင်သူတို့ သေချာ ပြန်စဉ်းစားကြတယ်။ အချိန်ကို တန်ဖိုးထားသူတစ်ယောက်ကို ပတ်ဝန်းကျင်က အလိုလို ရှိန်တယ်။ အဲ့ဒီလူရဲ့အချိန်ကို အလွယ်တကူ ဓားပြမတိုက်ရဲကြဘူး။ လူတစ်ယောက်ရဲ့ Value ဟာ အဲ့ဒီလူ သူ့ကိုယ်သူ ဘယ်လောက်လေးစားလဲ၊သူ့အချိန်ကို သူဘယ်လောက်လေးစားလဲ ဆိုတာနဲ့အများကြီးသက်ဆိုင်နေတယ်။ သူများတွေရဲ့ လေးစားမှု ရဖို့ဆိုရင် အရင်ဆုံးကိုယ့်ကိုယ်ကိုယ် လေးစားတတ်ဖို့ လိုပါတယ်။ ကိုယ့်အချိန်ကိုသူများတွေ တန်ဖိုးထားတာ ခံချင်ရင် ကိုယ်ကိုယ်တိုင်ကကိုယ့်အချိန်ကို အရင် တန်ဖိုးထားမှာ ဖြစ်ပါတယ်။

အချိန်နဲ့ပတ်သက်ပြီး နောက်တစ်ခု သတိထားမိတာက မြန်မာနိုင်ငံက အခမ်းအနားတွေ၊ ပွဲတွေမှာ ပွဲစီစဉ်သူတွေက ပွဲစမယ်လို့ ကြေငြာထားတဲ့အချိန်မှာ ဘယ်တော့မှ ပွဲမစကြသလို ပွဲလာတဲ့သူတွေကလည်း ပွဲစမယ်လို့ ပြောထားတဲ့ အချိန်မှာဘယ်တော့မှ မလာကြပါဘူး။ ပွဲစီစဉ်တဲ့သူက တစ်နာရီလောက်ကြို ကြေငြာထားပြီး လာတဲ့သူကလည်း တစ်နာရီနောက်ကျပြီးမှ လုပ်တတ်ကြပါတယ်။ သူ့အရပ်နဲ့သူ့စရိုက် ကိုက်နေတာပဲဆိုပေမယ့် အဲ့ဒီအကျင့်စရိုက်က လုပ်ငန်းခွင်မှာ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့အခါမှာတော့ တော်တော်လေး ဒုက္ခပေးတတ်ပါတယ်။

အနောက်တိုင်း နိုင်ငံသား တော်တော်များများကအချိန်ကို အရမ်းလေးစားကြပါတယ်။ ညဘက်သာ ကလပ်သွားပြီးကဲရင်ကဲမယ်။ ဒါပေမယ့် မိုးလင်းရင် ရုံးနောက်ကျလေ့မရှိပါဘူး။ အစည်းအဝေးတွေဆိုလည်း ဘယ်တော့မှ နောက်မကျပါဘူး။ သူများနောက်ကျရင်လည်း အရမ်း စိတ်ဆိုးကြပါတယ်။လူတစ်ယောက်ဟာ ကိုယ့်အချိန်ကို တန်ဖိုးထားတတ်မှ သူများအချိန်ကိုလည်း တန်ဖိုးထားရကောင်းမှန်း သိမှာ ဖြစ်ပါတယ်။ ကိုယ့်အချိန်ကိုတန်ဖိုး မထားတတ်တဲ့သူတွေက ကိုယ် အချိန်မတိကျလို့ သူများစိတ်ဆိုးတာကို အပိုလုပ်တယ်လို့မြင်ကြမှာ ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ ဒီစာဟာ အကူအညီတောင်းတာကို မကူညီဖို့တိုက်တွန်းတာ မဟုတ်ဘူးဆိုတာ ထပ်ပြောပါရစေ။ လုပ်ငန်းခွင်မှာ အကူအညီလိုတာ အမြဲရှိတတ်ပါတယ်။ အချင်းချင်းကူညီပါ၊ ဖေးမပါ။ ဒါပေမယ့် အားနာတတ်တဲ့စိတ်ကို အသုံးချတတ်တဲ့သူတွေကိုတော့ သတိထားပါ။ ‘No’ ဆိုတဲ့ စကားလုံးကို သုံးသင့်တဲ့အခါ သုံးရပါတယ်။ အမြဲတမ်း ‘Yes’ ဆိုရင် လုံးပါးပါးသွားပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကူညီရတာပဲ ကျေနပ်နေတာပါ ဆိုရင်တော့ ဆက်လုပ်ပါ။ ပျော်တာကိုဆက်လုပ်လို့ ရပါတယ်။

Recommended for u- စီးပွားရေးလုပ်ငန်းများကို အရင်းအနှီး မလုံမလောက်ပဲ တည်ထောင်ပြီးမှ သန်းကြွယ်သူဌေး ဖြစ်သွားကြသူများ

Source:မိုးရှင်း (I.M.T)