Life Hacks

ဘဝအဓိပ္ပာယ်ပျောက်ဆုံးနေပြီး ကိုယ်ဝါသနာပါရာက ဘာလဲ မသိဘူးဆိုရင်

Read 312 times
ဘဝအဓိပ္ပာယ်ပျောက်ဆုံးနေပြီး ကိုယ်ဝါသနာပါရာက ဘာလဲ မသိဘူးဆိုရင်

ဘဝမှာ နေပျော်ဖို့ ဘယ်အရာတွေကို တင်းတင်းဆုပ်ကိုင်ပြီး ဘယ်အရာတွေကို လွှတ်ချသင့်ပါသလဲ။ ဘဝမှာ ကိုယ်တကယ်လိုချင်တဲ့ အရာတွေ၊ အိပ်မက်တွေကရော ဘာတွေပါလဲ။

Dalai Lama က တစ်ခါတုန်းက ဖြေခဲ့ဖူးပါတယ်။ “ချမ်းသာကြွယ်ဝဖို့ အအိပ်ပျက်၊ အစားပျက်နဲ့ ကိုယ့်မှာ ရှိတဲ့ ကျန်းမာရေးကို ရင်းပြီး စီးပွားရှာကြပါတယ်၊ ပြီးတော့တစ်ဖန် ကျန်းမာရေး ပြန်ကောင်းအောင်ဆိုပြီး အဲဒီ စည်းစိမ်ဥစ္စာဓနတွေကို ပြန်အသုံးချရတာပါပဲ”ဆိုပြီးပါ။ အိမ်တစ်လုံးဝယ်ဖို့ အသည်းအသန်ကြိုးစားခဲ့ပေမယ့် အဲဒီအိမ်မှာ တစ်နေ့လုံး မနေနိုင်တဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။

ကျွန်တော်တို့တွေဟာ အနာဂတ်အတွက် ပူပန်နေရင်းနဲ့ပဲ ပစ္စုပ္ပန်အချိန်ကာလကို မခံစားမိတတ်ဘူး ဖြစ်နေကြပါတယ်။ အဲဒီအတွက် ရလဒ်ကတော့ ပစ္စုပ္ပန်မှာလည်း ကောင်းကောင်းမနေထိုင်ဖြစ်သလို အနာဂတ်အတွက်လည်း ကောင်းကောင်းမပြင်ဆင်ဖြစ်တာပါပဲ။

နောက်ထပ်တစ်ချက်ကတော့ ကျွန်တော်တို့ဟာ ဘယ်တော့မှ မသေဆုံးတော့မယ့် Immortal တွေလို နေ့ရက်တွေကို ရှင်သန်နေကြတာပါပဲ။ ဘဝရဲ့ အဓိပ္ပါယ်ထက် ငွေကြေးနောက်၊ ကိုယ့်ရဲ့ ရပ်တည်ချက်တွေထက် အောင်မြင်မှုနောက်ကို ပြေးလိုက်နေကြပါတယ်။ တနေ့ တနေ့ လုပ်ရမယ့် အလုပ်တွေနဲ့ပဲ လုံးချာလည်ပြီး စိတ်ကူးစိတ်သန်းနဲ့ ဝါသနာတွေကို လွှတ်ချထားရပါတယ်။

ဒါကြောင့်ပဲ တချို့လူတွေက အဆိုးဝါးဆုံးအကျဉ်းသားဆိုတာ ကိုယ်အကျဉ်းကျလို့ ကျနေမှန်းတောင် မသိတဲ့ သူတွေလို့ ပြောတာပါ။ နေ့တိုင်း ရုံးကို အချိန်မှန်မှန်သွားဖို့ကြိုးစားနေပေမယ့် ရုံးမတက်ချင်တဲ့ စိတ်ဟာ အမြစ်တွယ်လို့၊ Email ကို ဖွင့်လိုက်တိုင်း စာတွေ တပုံကြီးရှိမနေဖို့ ဆုတောင်းရင်း နေ့ရက်တွေကို ဖြတ်သန်းနေကြရတာပါ။ ဒါပေမယ့် ဘယ်လိုပဲ စိတ်တွေချည့်နဲ့ အားအင်ကုန်ခမ်းနေလည်း Social Media ပေါ်က Profile Picture မှာတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတွေလို ပုံဖမ်း၊ LinkedIn က Profile မှာလည်း အကောင်းဆုံး အလုပ်ကို လုပ်နေရသူတွေလို ဟန်ဆောင်ထားနေကြပါတယ်။

အလုပ်ကို မသိစိတ်ကနေ စွဲလမ်းနေပြီး အလုပ်စားပွဲက ထလာတာတောင် ခေါင်းထဲမှာ ဒီနေ့လုပ်ရမယ့်အရာတွေကို စီမိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ တချို့ရက်တွေဆို မိသားစုနဲ့တောင် ညစာမစားနိုင်ဘဲ ရှိတာနဲ့ ဖြစ်သလို တစ်ယောက်တည်းစားပြီး ပြီးသွားရတဲ့ ညတွေ၊ သွားသုတ်သုတ်၊ စားသုတ်သုတ် ဘဝတွေဟာ တကယ်ရော ကိုယ်လိုချင်တာ ဟုတ်ပါရဲ့လား။

အလုပ်လုပ်ရင်းနဲ့ သာ နာဖျားပြီး သေဆုံးသွားမယ်၊ ကိုယ်ဘာ့အတွက် ဘာ့ကြောင့်လုပ်နေရတယ်ဆိုတာ မသိလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ နေ့စဉ်ကိုယ်သိပ်စိတ်မပါတဲ့ အလုပ်တွေနဲ့ ပင်ပန်းနေရပြီဆိုရင် ဒီလိုလေးစဉ်းစားကြည့်ပါဦး။ Steve Jobs သာ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ပဲ လုပ်ခဲ့မယ်ဆိုရင်၊ The Rock ကြီးသာ စိတ်ကျဝေဒနာကို မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင်၊ Ellen Degeneres ဟာ အနိုင်ကျင့်ခံမှုတွေကို မကျော်ဖြတ်ခဲ့ဘဲ သူ့စိတ်ထန်သန်ရာကို မလုပ်ဆောင်ခဲ့ဘူးဆိုရင် ကမ္ဘာကြီးက ပျင်းရိငြီးငွေ့ဖွယ်အတိဖြစ်နေခဲ့မှာပါ။

ဒီတော့ ကိုယ်စိတ်အားထက်သန်တာ ဘယ်အရာမှန်းမသိသေးဘူးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်ကြည့်ပါ၊ လူတိုင်းမှာ ဝါသနာပါရာတစ်ခု မဟုတ်ရင် ကျွမ်းကျင်ရာ တစ်ခုစီရှိနေတတ်ကြပါတယ်။ လူတိုင်းမှာ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်စွမ်းတွေလည်း အပြည့်အဝရှိကြပါတယ်။

အခုချိန်မှာများ ငါသေရတော့မယ်ဆိုရင် ဘယ်ဖြစ်ရပ်ကို နောင်တရနေမလဲ တွေးကြည့်ကြည့်ပါ။ ဒါဆိုရင်တော့ အဖြေကရှင်းသွားပြီး ကိုယ့်အိပ်မက်တွေနောက်ကိုပဲ လိုက်ဖြစ်သွားမှာပါ။ အိပ်မက်တွေဆီ သွားတဲ့လမ်းဟာ မလွယ်ကူတဲ့အတွက် ရှုံးနိမ့်မှုတွေ တွေ့နိုင်ပေမယ့် အမြဲမှတ်ထားရမှာက အနိုင်ရသူဆိုတာက တစ်ကြိမ်ထက်မက ကြိုးစားခဲ့သူဆိုတာပါပဲ။

ပြီးခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၂၀ ဘယ်လိုပဲ လေခဲ့ လေခဲ့ အခိုက်အတန့်လေး တစ်ခု၊ ဒါမှမဟုတ် လူတစ်ယောက်က ခင်ဗျားဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတော့ အခုပဲ စတင်ပြီး နေ့ရက်တွေကို ပြည့်ပြည့်ဝဝရှင်သန်ပါ၊ စိတ်အားထက်သန်ရာကို လုပ်ဆောင်ပြီး အောင်မြင်အောင်ကြိုးစားပါ၊ ကိုယ်ဝါသနာပါတဲ့အရာကို ခုထိ မသိသေးဘူးဆိုရင်တော့ ကိုယ့်ရုံးအလုပ်ပြီးတဲ့ အချိန်မှာ လုပ်ဖြစ်တဲ့ အလုပ်၊ အားလပ်ချိန်တွေကို အများဆုံးကုန်ဆုံးဖြစ်တဲ့အလုပ်၊ ညဘက်မိုးချုပ်ထိ ဒါမှမဟုတ် မနက်စောစောထလုပ်ရလည်း ဘယ်တော့မှ မငြီးငွေ့တဲ့ အလုပ်မျိုးတွေမှာ ခင်ဗျားစိတ်ထက်သန်ဝါသနာပါရာကို ရှာဖွေပါ။

တစ်ယောက်ယောက်အထင်ကြီးအောင် သက်သေပြဖို့လုပ်တဲ့ အလုပ်မျိုးမဟုတ်သလို ငွေရှာဖွေသက်သက်လုပ်တဲ့ အလုပ်မျိုးလည်း မဟုတ်ဘဲ ကိုယ့်ရဲ့ တကိုယ်ရည်ဝါသနာအတွက် အချိန်ကုန်လို့ ကုန်မှန်းမသိ သုံးမိတဲ့အလုပ်မျိုးကို အချိန်ပေးပြီး မြှုပ်နှံကြည့်ပါလို့ ပြောချင်ပါတယ်။

Credit;Akhayar