ထမင်းစားလို့ကုန်မှ အဲဒါတွေကို အေးအေးဆေးဆေး စားလေ့ရှိတတ်တယ်။
ငယ်ငယ်ကဆို ထမင်းစားရင် အမေတို့က အညီအမျှ ထည့်ပေးတာပေါ့။
အသား ၃ တုံးဆို ၃ တုံး။ ကျွန်တော်က ချွေတာစားတော့ ကျွန်တော့်ထမင်း ကုန်သွားချိန်မှာ အသားက ၂ တုံးလောက် ကျန်သေးတယ်။
တခြားညီအစ်ကိုတွေမှာကျ သိပ်မကျန်တော့ဘူး။
အဲဒီလိုဆို သူတို့က ပြောရော၊ သူတို့ကို ထပ်ပေးပါပေါ့၊
လူကြီးတွေက အညီအမျှ မထည့်ပေးဘူး ဘာညာ။
ကျွန်တော့်ပန်းကန်ထဲကိုလည်း မျက်စောင်းထိုးလိုထိုး။ လုစားချင် လုစားပေါ့။
တကယ်တော့ ကျွန်တော့်ပန်းကန်ထဲ ဟင်းတွေကျန်နေတော့မှသာ သူတို့က သိတာ။
အဲ့လိုကျန်နေအောင် ကျွန်တော် ရှေ့ကတစ်လျှောက်လုံး ထမင်းဘယ်လိုစားခဲ့ရတယ် ဆိုတာ သူတို့မသိဘူး။ စိတ်လည်းမ၀င်စားဘူး။
ဘ၀မှာလည်း လူတချို့က ဒီလိုပဲ။ တခြားလူတွေ အောင်မြင်လာပြီ ဆိုတော့မှသာ အားကျကြတာ။
မနာလိုတဲ့သူကျတော့လည်း တိုက်ခိုက်ကြတယ်။
တချို့လည်း လောကကြီးက မတရားဘူးဆိုပြီး အပြစ်တင်ကြတယ်။
ကံကောင်းလို့ လို့လည်း ပြောတတ်ကြသေးတယ်။
ဒါပေမယ့် အဲ့လိုဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိဘူး။
အားလည်းမကျဘူး။ အဲ့လိုချွေတာစားလို့ အဲ့လိုကျန်တာ လို့ ပြောရင်လည်း လိုက်မလုပ်ချင်ကြဘူး။
ဟင်းတွေအများကြီး ကိုယ့်ပန်းကန်ထဲ ကျန်နေတာပဲ လိုချင်တယ်။
ချွေတာစားဖို့ ဆိုတဲ့အပိုင်းကျ မယူချင်ဘူး။
တကယ်တော့ မအောင်မြင်ချင်တဲ့သူ ဆိုတာ မရှိပါဘူး။
အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ မသိတဲ့သူလည်း မရှိဘူး။
အဲ့လိုအောင်မြင်ဖို့အတွက် ပေးဆပ်ရမှာတွေကို မလုပ်ချင်တဲ့သူသာ ရှိပါတယ်။
ဒါကြောင့် အောင်မြင်ရေးနည်းလမ်းတွေ ဖတ်တာလည်း ဖတ်ပါ။
တစ်ဖက်ကလည်း အဲ့လိုအောင်မြင်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုတွေ လုပ်နိုင်အောင်အတွက် ကိုယ့်စိတ်ကို ပြင်ဆင်ထားသင့်ပါတယ်။
Recommended for you-သင့်ကို မသေမရှင်ဖြစ်စေတဲ့ အရာက သင့်ကို ပိုသန်မာစေပါတယ်!
Credit; dr.phyothiha