Life Hacks

ဒါတွေစွန့်မှ စတားဖြစ်မယ်

Read 304 times
ဒါတွေစွန့်မှ စတားဖြစ်မယ်

အောင်မြင်ချင်ရင် ပိုကြိုးစားရမယ်၊ စွန့်စားရမယ်၊ အခွင့်အလမ်းကောင်းတွေ ရှာဖွေရမယ်၊ ပညာတိုးအောင် လေ့လာရမယ်စသည်ဖြင့် တိုးတက်ရေးနည်းလမ်းတွေလည်း ဖြန့်ဝေပေးသူ များလှပါတယ်။

ဒါပေမဲ့ အောင်မြင်မှုမှာ သွယ်ဝိုက်သောအားဖြင့် ပတ်သက်နေတဲ့အချက်တွေလည်းရှိပါတယ်။

 

 

ဥပမာ ကိုယ်ကပိုကြိုးစားရမယ်၊ အောင်မြင်ချင်ရင် သူများထက်ပိုအားထုတ်ရမယ်၊ အခုထက် ပိုတိုးတက်မှဖြစ်မယ်ဆိုပြီး ပိုလုပ်ရမှာတွေကိုပဲလူတွေက အလေးထားကြတယ်။ လျှော့လုပ်သင့်တဲ့၊ စွန့်လွှတ်သင့်တဲ့အရာတွေကလည်း အောင်မြင်မှုကို ပုံဖော်ပေးနိုင်တဲ့ ပံ့ပိုးမှုတွေပေးနိုင်တယ်ဆိုတာ မေ့လျော့နေကြပါလိမ့်မယ်။

 

ဘာတွေစွန့်လွှတ်ရမှာလဲ

 

() ကျန်းမာရေးနဲ့မညီတဲ့ နေထိုင်မှုပုံစံ

ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေတိုင်းကို သည်ခန္ဓာကိုယ်နဲ့ပဲ လှုပ်ရှားရမှာဖြစ်လို့ ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။ သုံးချက်ပါပဲ။ ကောင်းကောင်းအိပ်မယ်၊ ကျန်းမာအောင်စားမယ်(ရှောင်သင့်တာရှောင်)၊ ကိုယ်လက်လှုပ်ရှားမယ်။

 

() အသေးအဖွဲလေးတွေပဲ လုပ်နေတဲ့အကျင့်

လူတွေအားလုံးက တောက်ပဖို့အတွက် မွေးဖွားလာတာပါ။ ကိုယ်ပိုင်အလင်းကို ထွန်းညှိနိုင်မှ သူများကို အလင်းရောင်ပေးနိုင်မှာပါ။ ကိုယ့်ရဲ့ကြောက်စိတ်တွေကို စွန့်ပါ။ အခွင့်အလမ်းကောင်းတွေကို ရယူဖို့မကြိုးစားခဲ့ဖူးဘူးဆိုရင် ဒါမှမဟုတ် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်မဖော်ဘူးဆိုရင် ကိုယ်ဟာဘာကောင်မှ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ရည်မှန်းချက်ကြီးကြီးထားပါ၊ အလုပ်ကြီးအကိုင်ကြီးတွေအတွက် အမြဲခေါင်းထဲထည့်ထားပါ။ ကျရှုံးမှာကိုကြောက်နေရင် အောင်မြင်လာမှာကို ကြောက်နေတာနဲ့အတူတူပါပဲ။

 

() ဆင်ခြေ

ကစားပွဲရဲ့အရှုံးအနိုင်ဟာ ရထားတဲ့ဖဲချက်ကိုပဲ မှီတည်နေတာမဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာ ဘယ်လိုကစားမလဲဆိုတဲ့အပေါ် မူတည်ပါတယ်တဲ့။ ဟိုဟာကြောင့် သည်ဟာကြောင့် ပေးတဲ့ဆင်ခြေတွေက သင့်ကိုလူမှုရေးအရရော လုပ်ငန်းရေးရာမှာပါ သက်ရောက်မှုမကောင်းစေနိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ့်လက်နဲ့သာဖန်တီးပါ။

 

() ပုံသေမှတ်တဲ့အကျင့်

ထူးချွန်တဲ့ပါရမီပါလာရင် သူများလိုပင်ပန်းစရာမလိုဘဲ အောင်မြင်မှုလမ်းက မြန်ဆန်မယ်လို့ တချို့က ပုံသေယုံကြည်ထားကြတယ်။ သူက ငယ်ငယ်ကတည်းက တော်တာကိုး ဆိုတဲ့မှတ်ချက်မျိုး။ ဒါက မှားယွင်းတဲ့အယူအဆပါ။ အောင်မြင်ချင်တယ်ဆို စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်၊ အသိပညာတိုးအောင် လုပ်ရမယ်၊ ပညာရပ်အသစ်တွေ လေ့လာရမယ်၊ ကိုယ့်အတွက်အကျိုးရှိမယ်ဆို ကိုယ့် အယူအဆတွေကို ပြောင်းလဲသင့်ပြောင်းလဲပစ်ရမယ်ဆိုတာသိရင် စတားဖြစ်ဖို့ အခွင့်အလမ်းများလာပါလိမ့်မယ်။

 

() တစ်မုဟုတ်ချင်းဆိုတဲ့စကား

တစ်မုဟုတ်ချင်းအောင်မြင်သွားတယ်ဆိုတဲ့စကားက ဂျင်းနော်။ နေ့ချင်းညချင်းကြီးပွားတယ်ဆိုတာကရှိသေးတယ်။ အောင်မြင်မယ့်လူတစ်ယောက်က တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကို နည်းနည်းချင်း အဆက်မပြတ်မြှင့်တင်သွားပြီး ရလဒ်ကို ရှာဖွေကြတာပါ။ကြိုးစားအားထုတ်မှုနဲ့ အချိန်အခါ ကွက်တိကျတဲ့အခါ ရုတ်တရက်အောင်မြင်သွားသလို မြင်ကြရပါတယ်။ သည်မတိုင်ခင် သူရုန်းကန်ခဲ့ရတာ ဘယ်သူမှမသိကြပါဘူး။

 

() အားလုံးကို ထိန်းချုပ်ချင်တဲ့စိတ်

ဟိုကိစ္စ သည်ကိစ္စတွေအကုန်လုံးကို ခေါင်းထဲပြုံထည့်ပြီး ထမ်းထားတာက ရလဒ်ကောင်းမယ် ထင်ပါသလား။ ကိုယ်ထိန်းချုပ်လို့မရတဲ့၊ စီမံလို့မရတဲ့အရာတွေကို ခေါင်းထဲကနေထုတ်ပါ။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အရာအတွက် နေရာလွတ်ချန်ပါ၊ ပိုအာရုံစိုက်ပေးပါ။

 

() အချိန်ဖြုန်းခြင်း

ပြဿနာက ဘာလဲဆိုတော့ ကိုယ့်မှာအချိန်တွေရှိသေးတယ်လို့ ထင်နေတာပါပဲ။ အရေမရ အဖတ်မရကိစ္စတွေမှာ အချိန်ပေးမိနေမယ်ဆိုရင် အရေးကြီးဆုံး ရည်မှန်းချက်ပန်းတိုင်တွေဆီကနေ ထက်ပြေးနေသလိုဖြစ်စေပါလိမ့်မယ်။ တစ်နေ့တာရဲ့အများဆုံးအချိန်တွေမှာ ကိုယ့်ရည်မှန်းချက်၊ အလေးထားတဲ့အရာအတွက် အချိန်ပေးဖြစ်ဖို့ ဂရုစိုက်ပါ။

 

အချိန်ဆိုတာ လူကိုမစောင့်ပါဘူး။

 

 

Credit;Kumudra