အောက်မှာ သင့်ကိုသင် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေကို အကြံပေးတဲ့အနေနဲ့ ဖော်ပြပေးထားပါတယ်။ ဒါတွေဟာ အခု ၂၀၁၈ ကုန်ခါနီးမှရယ်လို့ မဟုတ်ပါဘူး။ သင်ရှင်သန်နေစဉ် ကာလတလျှောက်လုံးမှာ တစ်နှစ်ကနေ နောက်တစ်နှစ်သို့ ကူးပြောင်းခါနီး ကာလတိုင်းမှာ သင့်ကိုသင် ပြန်မေးသင့်တဲ့ မေးခွန်းတွေးပါ။
(၁) အချစ်ရေး
သင့်ချစ်သူကို အခုထိ နာကျင်အောင် လုပ်နေတုန်းပဲလား? သူ့ရဲ့ ခန္ဓာကိုယ် အသွေးအသားထဲအထိ စိမ့်နေအောင် နာကျင်ရမယ့် အရာတွေ လုပ်နေတာ အခုထိ အဆုံးမသတ်သေးဘူးလား? သူမကြိုက်ဘူးလို့ ထပ်ကာထပ်ကာ ပြောထားတဲ့အရာတွေကို သူနဲ့ ရန်ဖြစ်စကားများတဲ့ အခါတိုင်းမှာ အရွဲ့တိုက်ပြီး လုပ်နေတုန်းပဲလား? ဒါဆိုရင်တော့ ၂၀၁၈ မကုန်ခင်မှာ သင် သူ့ကို ခံစားရအောင် လုပ်ခဲ့တာတွေအတွက် ပြန်လည်တောင်းပန်ပါ။ ကုစားပေးပါ။ ၂၀၁၈ မကုန်ခင်မှာ သူ့ကို ပိုပြီးဂရုစိုက်ပါ။ ချစ်ခက်ကြင်နာပေးပါ။ ၂၀၁၈ မကုန်ခင်မှာ သင့်အချစ်ရေးကို သာယာကြည်ဖွယ်ဖြစ်အောင် သူများတွေ အားကျစရာဖြစ်အောင် ပြောင်းလဲပစ်လိုက်ပါ။ သင်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ၂၀၁၉ မှာ အကောင်းဆုံး ဖြစ်အောင် အခုအချိန်ကတည်းက ပြောင်းလဲပြုပြင်ပစ်ဖို့ ကြိုးစားပါ ။
(၂) ပညာရေး
ဒီ ၂၀၁၈ အတွင်းမှာ သင့်ပညာရေးကရော ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲခဲ့ပါသလဲ? ဒီနှစ်တစ်နှစ်လုံး ဖြေဆိုခဲ့တဲ့ စာမေးပွဲတွေ အောင်ပါသလား? ပိုက်ဆံအများကြီး အကုန်ခံပြီး တစ်နှစ်ပတ်လုံး နေပူမရှောင် မိုးရွာမရှောင် တက်ခဲ့ရတဲ့ သင်တန်းတွေကရော တကယ်အကျိုးရှိပါရဲ့လား? ပညာရေးဆိုတာဟာ နှစ်ပေါင်းများစွာ ရင်းနှီးမြှပ်နှံပြီးမှ အကျိုးခံစားရတယ်ဆိုတာ မှန်ပေမယ့်လည်း သင့်အသက်အရွယ်က အရမ်းမငယ်တော့ပါဘူး။ သင့်အနေနဲ့ သင်တန်း/ ကျောင်းတစ်ခုခု တက်ပြီးရင် အဲဒီကနေ အကျိုးကျေးဇူး (သို့်) အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခုကို ပြန်ရကို ရအောင် ဖန်တီးသင့်ပါတယ်။ သင့်ရဲ့ ၂၀၁၈ ဟာ ပညာရေးမှာလည်း အကျိုးရှိနေတဲ့ နှစ်တစ်နှစ် ဖြစ်သင့်ပါတယ်။တကယ်လို့ ၂၀၁၈ တစ်နှစ်လုံးမှာ သင့်ပညာရေး မကောင်းခဲ့ရင်လည်း စိတ်မညစ်ပါနဲ့။ ရှေ့လာမယ့် ၂၀၁၉ မှာ အကောင်းဆုံး ဖြစ်အောင် အခုကတည်းက စိတ်ဓာတ်ခွန်အားတွေမွေးထားပါ။
(၃) ဝင်ငွေနဲ့ အလုပ်အကိုင်
သင့်ကို မတိုးတက်စေတဲ့ ထောင်ချောက်ထဲမှာပိတ်မိနေစေတဲ့ အလုပ်တွေကို လုပ်နေတုန်းပဲလား? သင့်ရဲ့ ၂၀၁၈ ဝင်ငွေက ၂၀၁၇ တုန်းက ဝင်ငွေ အတိုင်းပဲလား? သင့်ရဲ့ အလုပ်မှာရော အဆင်မပြေမှုတွေ ဖြစ်နေတုန်းပဲလား? လူတစ်ယောက်ဟာ အလုပ်အကိုင်ကောင်းနေမှ အဆင်ပြေနေမှ တခြားကဏ္ဍတွေမှာလည်း အဆင်ပြေစွာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်လည်း သေချာ ပြန်လည်သုံးသပ်ကြည့်ပါ။ ၂၀၁၈ မှာ အလုပ်အကိုင် ကောင်းခဲ့ပါရဲ့လား? သင်လုပ်ကိုင်တဲ့ အလုပ်ပတ်ဝန်းကျင်က လူတွေနဲ့ရော ဆက်ဆံရေး အဆင်ပြေပါရဲ့လား ?
(၄) လူမှုရေး / မိသားစုအရေး
သင်ဟာ ၂၀၁၈ တစ်နှစ်ပတ်လုံး အလုပ်နွံထဲမှာ နစ်နေခဲ့ပါသလား? မိသားစုအရေးမှာ တာဝန်တွေ လစ်ဟင်းနေခဲ့ပါသလား? ရုံးကလူတွေနဲ့ အဆင်ပြေအောင် နှိမ့်ချပေါင်းသင်းနေပေမယ့် အိမ်က ညီအစ်ကို မောင်နှမတွေကို အခုထိ အော်ငေါက်နေတုန်းပဲလား? အမေနဲ့ အဖေကိုရော သေချာဂရုစိုက်မိပါရဲ့လား? သင်နဲ့ တစ်အိမ်ထဲအတူနေတဲ့ သူတွေကို ၂၀၁၈ တစ်နှစ်ပတ်လုံးမှာ တစ်ရက်တောင် နွေးနွေးထွေးထွေး ဆက်ဆံခဲ့ပါသလား? သင့်ဘာသာသင် ဒီမေးခွန်းတွေမေးပြီး ကိုယ်တိုင် ပြန်ဖြေကြည့်ပါ။ ကျွန်တော်တို့တွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းတဲ့ အလုပ်ရာထူးရဖို့၊ ဝင်ငွေတိုးဖို့၊ ဘွဲ့တွေ Certificate တွေ တစ်ခုပြီး တစ်ခုယူဖို့ ဒါတွေကိုပဲ သာမန်အားဖြင့် စဉ်းစားတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်ပြောင်းလဲအောင် အလုပ်သင့်ဆုံး အရာတစ်ခုကတော့ ကျွန်တော်တို့ ချစ်ရတဲ့သူတွေအတွက် သူတို့စိတ်ချမ်းသာစေမယ့် အရာလေးတွေကို တစ်နှစ်ထက်တစ်နှစ် ပိုများလာအောင် လုပ်သင့်တာပါ။ ကျွန်တော်တို့ရှင်သန်နေပြီး နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတာဟာ သူတို့နဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းဖို့ပဲ မဟုတ်ပါလား.......
Credit;Lunge.media