Life Hacks

ပြတင်းပေါက်နဲ့ မှန်

Read 212 times
ပြတင်းပေါက်နဲ့ မှန်

 

 

ကုမ္ပဏီဟာ အခြေအနေကောင်းနေပြီး အမြတ်ငွေတွေ အများကြီး ရနေရင် သူတို့ ပျော်ကြတယ်။ ကုမ္ပဏီဟာ အရှုံးတွေ ပေါ်နေရင် သူတို့ ဘယ်အချိန် အလုပ်ထုတ်ခံရမလဲဆိုပြီး စိတ်ဓာတ်ကျကြတယ်။

 

ခေါင်းဆောင်တွေဟာ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံနေရင် ဘယ်လို လုပ်သင့်တယ်ဆိုတာကို စာရေးဆရာ Jim Collins က သူ့ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ “Good to Great” ထဲမှာ ခုလို ရေးပြထားခဲ့ပါတယ်။

 

တချို့ခေါင်းဆောင်တွေဟာ ကုမ္ပဏီအခြေအနေ ကောင်းလို့ ပျော်နေရင် သူတို့ဟာ သူတို့ကိုယ်ကို မှန်ထဲ ကြည့်ရင်း ‘တယ်တော်တဲ့ ငါပါလား’ ဆိုပြီး မာနတက်ပြီး ကျေနပ်အားရနေကြတယ်။

 

ဒါပေမဲ့ ကုမ္ပဏီအခြေအနေ မကောင်းတဲ့အခါမှာ သူတို့ဟာ ပြတင်းပေါက်ဆီကို သွားပြီး အပြင်ဖက်မှာ အပြစ်ပုံချလို့ရမယ့် လူတွေကို ရှာကြည့်နေတယ်။

 

သူတို့ဟာ ခေါင်းဆောင်ကောင်းတွေ မဟုတ်ကြပါဘူး။ ခေါင်းဆောင်ညံ့တွေပါ။ ဒါဆိုရင် ခေါင်းဆောင်ကောင်းတွေက ဘယ်လို ပြုမူကြသလဲ။

 

ခေါင်းဆောင်ကောင်းတွေဟာ ကုမ္ပဏီအခြေအနေ ကောင်းလို့ ပျော်နေရင် ပြတင်းပေါက်ဆီကို သွားပြီး သူ့ကုမ္ပဏီကောင်းအောင် လုပ်ပေးခဲ့တဲ့ လူတွေကို ကျေးဇူးတင်ဖို့ ရှာကြည့်နေတယ်။ နောက်ပြီး ပြတင်းပေါက်ကနေ သူ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း အသံကုန် အော်ပြောလိုက်တယ်။

 

တစ်ခါ ခေါင်းဆောင်ကောင်းတွေဟာ ကုမ္ပဏီအခြေအနေ မကောင်းတဲ့အခါမှာ သူ့ကိုယ်ကို မှန်ထဲမှာ ကြည့်ရင်း သူလုပ်ခဲ့တာတွေမှာ ဘာတွေများ မှားသလဲလို့ ရှာကြည့်တယ်။ အဲဒီအမှားတွေကို ပြင်ပြီး ဆက်ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။

 

ပြတင်းပေါက်နဲ့ မှန်ချပ်တွေဟာ ခေါင်းဆောင်ညံ့နဲ့ ခေါင်းဆောင်ကောင်းအတွက် အတူတူပါပဲ။ သူတို့ ဘယ်လို အသုံးချသလဲဆိုတာပဲ ကွာသွားတာပါ။

 

ဒီဥပမာလေးမှာ ခေါင်းဆောင်တွေလို့ ပြောထားပေမယ့် တကယ်တော့ ဒီဥပမာကို မင်းတို့ လူငယ်တွေလည်း အသုံးချလို့ ရပါတယ်။ တစ်ခုခု မှားသွားရင် သူများတွေကို အပြစ်လွှဲမချပါနဲ့။ မိမိအမှားလို့ ၀န်ခံပြီး တာဝန်ယူပါ။ အမှားကို ပြင်ပြီး ဆက်ကြိုးစားပါ။ ဒါဟာ အောင်မြင်ရေးမှာ မလွဲမသွေ ရှိသင့်တဲ့ အရည်အချင်းတစ်ခုပါ။

 

 

Credit;ဗန်းမော်သိန်းဖေ