-->


လုပ်ငန်းကို ဗျူဟာနှင့်ကယ်တင်ခြင်း

လုပ်ငန်းကို ဗျူဟာနှင့်ကယ်တင်ခြင်း google.com

အပိုင်း(၁)မှာတော့ ကိုယ့်လုပ်ငန်းအတွက် ဗျူဟာတစ်ခုမဖော်ဆောင်ခင် ခွဲခြားဆန်းစစ်မှုလုပ်တဲ့အခါမှာ အမြင်ကျယ်ကျယ်ထားဖို့လိုအပ်တယ်ဆိုတာကို အဓိကပြောချင်တာပါ။ ဆန်းစစ်မှုမှာလွဲမှားခဲ့ရင် ဗျူဟာမှားမယ်။ ရလဒ်လည်းမှားပါမယ်။

ဗျူဟာတစ်ခုကိုချတဲ့အခါ အဲဒီဗျူဟာက

ကိုယ့်ကို ပြိုင်ဘက်တွေထက် သာလွန်ကောင်းမွန်တဲ့ယှဉ်ပြိုင်နိုင်စွမ်း (competitive advantage) ကိုပေးနိုင်ရမယ်။ အဲဒီအချက်မပေးနိုင်ရင် ဗျူဟာမဟုတ်ဘူး။ ဥပမာ ကိုယ်ခံပညာတစ်ခုခု သင်တယ်ဆိုတာ ကိုယ့်မှာအန္တရာယ်ရှိလာချိန်မှာ အသုံးဝင်အောင်လို့။ အကွက်ပြရုံ ကလွဲလို့ အသုံးမ၀င်ရင် ဒီပညာက အလကားပဲ။

အတိုပြောရရင် ဗျူဟာဆိုတာ သူများထက် ထူးခြားသာလွန်တဲ့လှုပ်ရှားမှုတစ်ခုကို အကွက်ကျကျဖန်တီးတာပဲ။ အဲဒါမှာ ပြိုင်ဘက်တွေနဲ့ မတူညီတဲ့ လှုပ်ရှားမှုတွေလုပ်ရင်လုပ်မယ်။ ဒါမှမဟုတ် တူညီတဲ့လှုပ်ရှားမှုတွေကိုပဲ မတူညီတဲ့ပုံစံနဲ့လုပ်မယ်။

ဥပမာ Designer water က ရေသန့်ဗူးကို ဈေးကွက်ထဲက ရေသန့်ဗူးတွေနဲ့ ကွဲပြားခြားနားအောင်ထုတ်တယ်။ ဒါမှမဟုတ် Alpine ကကျတော့ အတူတူရေသန့်ဗူးထုတ်တာကိုပဲ မတူညီတဲ့နည်းလမ်းနဲ့ ဈေးပိုသက်သာအောင်၊ ပိုအရည်အသွေးရှိအောင် ထုတ်လုပ်နိုင်တယ်။ ဒါကဗျူဟာတွေပဲ။

နားလည်လွယ်အောင်ဆိုရင် အဆင့်နှစ်ဆင့်ရှိတယ်။

(က) ပထမအဆင့်က Trade-offs ကို မှန်မှန်ကန်ကန်သတ်မှတ်ပါ။ Trade-offs ဆိုတာက တစ်ခုလိုချင် တစ်ခုပေးဆိုတဲ့သဘောပဲ။ ဒီနေရာမှာ ပိုကျယ်ပြန့်အောင်သွားတဲ့ဗျူဟာရှိမယ်။ ပိုနက်ရှိုင်းအောင်သွားတဲ့ ဗျူဟာရှိမယ်။ နှစ်ခုလုံးလိုချင်လို့မရဘူး။ ကျယ်ပြန့်အောင်လုပ်ရင် မနက်ရှိုင်းတော့ဘူး။ နက်ရှိုင်းအောင်လုပ်ရင် မကျယ်ပြန့်တော့ဘူး။

ဥပမာ အရင်က မုန့်ဟင်းခါးသည်ဥပမာကိုပဲ ဆက်ပေးရရင် မုန့်ဟင်းခါးအပြင် ကိုယ့်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်အောင်လို့ တခြား အသုပ်စုံ၊ လက်ဘက်ရည်၊ အအေးစသဖြင့် အကုန်အစုံရအောင်လုပ်တဲ့ ကျယ်ပြန့်ခြင်းဗျူဟာဖော်ဆောင်လို့လည်းရတယ်။ မုန့်ဟင်းခါးဆိုင်သီးသန့်ကနေ မုန့်ဟင်းခါးရတဲ့ လက်ဘက်ရည်ဆိုင်ဘက်ကို ကူးပြောင်းတာပေါ့။

ဒါမှမဟုတ် မုန့်ဟင်းခါးတစ်မျိုးတည်းကိုပဲဗဟိုပြုပြီး ဆက်ပြီးနက်ရှိုင်းသွားအောင် လုပ်တဲ့ဗျူဟာကိုလည်း ဖော်ဆောင်နိုင်တယ်။ မုန့်ဟင်းခါးကို အကြော်မျိုးစုံနဲ့၊ ငါးဥနဲ့ စသဖြင့်ရအောင်လုပ်ပြီး အရသာကို ပိုကောင်းအောင်ချက်မယ်။ မုန့်ဟင်းခါးသီးသန့်ကိုပဲ နာမည်ရအောင်လုပ်တဲ့ဗျူဟာပေါ့။ ပဒေသာလမ်းဆုံမုန့်ဟင်းခါးတို့၊ ဦးရေခဲလမ်းမုန့်ဟင်းခါးတို့သဘောမျိုး။

ဒီနေရာမှာ လောဘကြီးလို့မရဘူး။ တစ်ခုလိုချင်တစ်ခုကို စတေးရမယ်။ ကာစတာမာဈေးကွက်နှစ်ခုလုံကို ရအောင်လုပ်ဖို့ အဆင်မပြေနိုင်ဘူး။ ဥပမာ လက်ဘက်ရည်ဆိုင်သွားတဲ့သူက မုန့်ဟင်းခါးကို သိပ်ကောင်းနေဖို့ မမျှော်မှန်းသလို မုန့်ဟင်းခါးဆိုင်သွားတဲ့သူက အစုံရဖို့ မမျှော်မှန်းထားဘူး။

(ဒီနေရာမှာ Blue Ocean Strategy ရဲ့ ယူဆပုံကတော့ ထူးခြားပါတယ်။ သူကတော့ trade-off လုပ်စရာမလိုဘူး။ နှစ်ခုလုံးကိုရအောင်ယူနိုင်တယ်လို့ဆိုတယ်)

(ခ) ဘာလို့ နှစ်ခုလုံးကို ရအောင်လုပ်ဖို့ မလွယ်ကူတာလဲဆိုတာရဲ့ အဖြေက ဒုတိယအချက်ပါ။

ဗျူဟာတစ်ခုကို ဖော်ဆောင်ပြီဆိုရင် အောင်မြင်ဖို့အတွက် ဟိုးအစကနေအဆုံးထိ လုပ်ငန်းအဆင့်ဆင့်နဲ့ လှုပ်ရှားမှုမှန်သမျှကို ဗျူဟာကိုအထောက်အကူပြုနိုင်အောင် ဖန်တီးတည်ဆောက်ရပါတယ်။

မဟုတ်ရင် ဟိုလွတ်ဒီလွတ်နဲ့ တောမရောက်တောင်မရောက်ဖြစ်ကုန်မယ်၊ အလေအလွင့်များကုန်ပါမယ်။ ဗျူဟာနှစ်ခုဆိုရင် တည်ဆောက်မှုပုံစံနှစ်ခုဖြစ်သွားမယ်။ ရင်းမြစ်နဲ့အင်အား နှစ်ခုသွားလိုမယ်။ ကာစတာမာကတော့ အုပ်စုနှစ်ခုမျှော်လင့်လို့မရဘူး။ ပြီးတော့ ပြိုင်ဘက်တွေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်း သတ်သတ်မှတ်မှတ်မရှိတော့ဘူး။

Feel က အစုံရတဲ့ဗျူဟာကိုသွားနေတယ်။ မင်းလမ်းက ပင်လယ်စာသီးသန့်ဗျူဟာကိုသွားတယ်။ Feel က လောဘကြီးပြီး ပင်လယ်စာကိုပါ အစုံရတဲ့ဗျူဟာကို နက်နက်ရှိုင်းရှိုင်းသွားနိုင်ဖို့ ပင်လယ်စာကို ရနိုင်တဲ့လမ်းကြောင်းတွေကနေ ချက်ပြုတ်ပြင်ဆင်တဲ့အထိ အကုန်ပြင်ဆင်ရမှာဖြစ်လို့ သူတို့ရဲ့ အစုံရနိုင်တဲ့ ဗျူဟာနဲ့ ၀ိရောဓိဖြစ်ပြီး တွက်ခြေမကိုက်နိုင်သလို မင်းလမ်းကလည်း လောဘကြီးပြီး အစုံရအောင် Feel နဲ့ လိုက်ယှဉ်ပြိုင်လို့မရနိုင်ဘူး။

Credit; Thurien Hlaing Win

Read 543 times
Rate this item
(5 votes)