-->
×

Warning

JUser: :_load: Unable to load user with ID: 29


မပစ်ပယ်သင့်တဲ့ ရန်ကုန်မြို့ ဘေလ်ဘုတ် (Billboard) ကြော်ငြာ

မပစ်ပယ်သင့်တဲ့ ရန်ကုန်မြို့ ဘေလ်ဘုတ် (Billboard) ကြော်ငြာ google

ကုမ္ပဏီတွေတော်တော်များများက အခုနောက်ပိုင်းမှာ ကြော်ငြာအတွက် အသုံးစရိတ်တွေကို လျှော့ချတဲ့အနေနဲ့

ကြာ်ငြာတွေကို ဘေလ်ဘုတ် (Billboard) တွေနဲ့ မကြော်ငြာတော့ဘဲ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး ကြော်ငြာမှု ပိုမိုများပြားလာတာကို တွေ့မြင်နေကြရပါတယ်။

 

၂ဝ၁၂ ခုနှစ် ရှေ့ပိုင်းကာလမှာ စည်ပင်သာယာက မြေနေရာငှားရမ်းပေးပြီး လုပ်ငန်းရှင်တွေက ကြော်ငြာဘုတ်တွေကို ကိုယ်တိုင်စိုက်ထူ ကြော်ငြာရတဲ့စနစ်ကို ကျင့်သုံးခဲ့ကြတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးစစ်မင်းဟန်က ပြောပါတယ်။

 

တစ်နှစ်စာ မြေနေရာငှားရမ်းခဟာလည်း နည်းလွန်းတဲ့အပြင် ဆိုင်းဘုတ်တွေရဲ့အရွယ်အစားကို ကန့်သတ်မထားတာကြောင့် ရန်ကုန်မြို့ရဲ့နေရာအနှံ့မှာ အရွယ်အစားစုံ၊ အရောင်စုံတဲ့ ကြော်ငြာဆိုင်းဘုတ်တွေ အစီအရီပေါ်ထွက်လာပါတော့တယ်။ နေရာအနှံ့ထွက်ပေါ်လာတဲ့ ရောင်စုံ၊ ရွယ်စုံ ဆိုင်းဘုတ်တွေဟာ မြို့အင်္ဂါရပ်နဲ့မညီတာကြောင့် ၂ဝ၁၂ ခုနှစ်မှာပဲ စည်ပင်သာယာက ကြော်ငြာဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းစေခဲ့ပါတယ်။

 

အဲဒီအချိန်က ရန်ကုန်မြို့အနှံ့ ကြော်ငြာဘုတ်ပေါင်း ၁,၄ဝဝ နဲ့ ၁,၅ဝဝ လောက် ဖြုတ်သိမ်းခဲ့ပေမဲ့ တချို့လုပ်ငန်းတွေက မဖြုတ်သိမ်းခဲ့တဲ့ ဆိုင်းဘုတ်ပေါင်း ၇ဝဝ လောက် ကျန်ရှိနေသေးတဲ့အတွက် စည်ပင်သာယာက လိုက်လံဖြုတ်သိမ်းခဲ့ရတယ်လို့လည်း ဦးစစ်မင်းဟန်က ဆိုပါတယ်။

 

ဘေလ်ဘုတ်တွေနဲ့ ကြော်ငြာခြင်းဟာ မိရိုးဖလာလမ်းစဉ်တစ်ခုလို ဖြစ်နေပေမဲ့ လူသိမများသေးတဲ့ အမှတ်တံဆိပ်တွေ၊ မြန်မာနိုင်ငံကို စတင်ခြေလှမ်းစတဲ့ နိုင်ငံခြားကုန်ပစ္စည်းတွေအတွက် ဘေလ်ဘုတ်နဲ့ကြော်ငြာခြင်းကို ပစ်ပယ်ထားလို့ မရသေးဘဲ မဖြစ်မနေ ထည့်သွင်းစဉ်းစား နေရဆဲဖြစ်တယ်လို့ Myanmar Outdoorindoor Advertising ကုမ္ပဏီရဲ့ဒါရိုက်တာဦးပြည့်ဖြိုးသိန်းက ဆိုပါတယ်။

 

''ဘေလ်ဘုတ်ကြော်ငြာလုပ်ငန်းက ရာနှုန်းပြည့်တော့ အလုပ်မဖြစ်ပေမဲ့ အခုအချိန်ထိတော့ ၅ဝ ရာခိုင်နှုန်းလောက် အလုပ်ဖြစ်နေပါတယ်။ ထုတ်ကုန်သစ်တွေအတွက် ဘေလ်ဘုတ်နဲ့ကြော်ငြာတာက အလုပ်အဖြစ်ဆုံးလို့ ပြောရမယ်''လို့ ဦးပြည့်ဖြိုးသိန်းက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လူသိပြီးသား ထုတ်ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါမှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ ဘေလ်ဘုတ်ကြော်ငြာတွေကို လျှော့ချပြီး လူများများ ပိုမြင်နိုင်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ဆိုရှယ်မီဒီယာတွေမှာ ပိုပြီးကြော်ငြာလာကြတယ်လို့လည်း သူကဆိုပါတယ်။

 

အဲဒီနောက် အစိုးရဘဏ္ဍာငွေကို အသုံးပြုပြီး ရန်ကုန်မြို့က စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ၄၅ ပေ၊ ၁၅ ပေပတ်လည် အရွယ်အစားရှိတဲ့ ဘေလ်ဘုတ် ၅ဝဝ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စိုက်ထူခဲ့ပါတယ်။ အဆိုပါအချိန်ကစပြီး ဘေလ်ဘုတ်တွေမှာ ကြော်ငြာလိုတဲ့ လုပ်ငန်းရှင်တွေကို စည်ပင်သာယာရေးကော်မတီက တစ်နှစ်တစ်ကြိမ် တင်ဒါခေါ်ယူပြီး တစ်နှစ်စာ ငှားရမ်းပေးလျက်ရှိကြောင်း ဦးစစ်မင်းဟန်က ဆိုပါတယ်။

 

''လျှောက်လွှာခေါ်ရင် နိုင်ငံပိုင်သတင်းစာတွေကနေ ကြော်ငြာပေးတယ်။ လျှောက်လွှာတင်တဲ့သူတွေက စရန်ငွေ သိန်း ၂ဝ သွင်းရတယ်။ တကယ်ကြော်ငြာမယ့် ကုမ္ပဏီတွေက မရဘဲ ပွဲစားတွေက လျှောက်လွှာတွေတင်ပြီး ပြန်ရောင်းစားတာတွေ မဖြစ်ရအောင်လို့ စရန်ငွေသွင်းခိုင်းတာဖြစ်ပါတယ်''လို့ ၄င်းက ပြောပါတယ်။

 

ဘေလ်ဘုတ်ပါင်း ၅ဝဝ ကျော်ရှိတဲ့အနက် ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်အတွင်းက ဘေလ်ဘုတ် ၃၅ဝ ခန့်၊ ၂ဝ၁၆−၁၇ ဘဏ္ဍာနှစ်မှာ ၂၈ဝ ခန့်၊ ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်မှာ ၁၈ဝ ခန့်ငှားရမ်းခဲ့ရပြီး ပြီးခဲ့တဲ့ကြားကာလ ဘတ်ဂျက်အတွင်းမှာတော့ ၁၄ဝ လောက်သာ ငှားရမ်းခဲ့ရတယ်လို့ ဦးစစ်မင်းဟန်ရဲ့ပြောပြချက်အရ သိရပါတယ်။ ဒါ့ပြင် ၂ဝ၁၈−၁၉ ဘဏ္ဍာနှစ်မှာတာ့ ကြော်ငြာဘုတ်ပေါင်း ၉ဝ ခန့်သာ ငှားရမ်းခဲ့ရတယ်လို့လဲ သူက ဆိုပါတယ်။

 

ကျန်ရှိနေတဲ့ ကြော်ငြာဘုတ်တွေကို တစ်လဖြစ်စေ၊ ခြောက်လဖြစ်စေ ငှားရမ်းလိုသူတွေအနေနဲ့ စည်ပင်သာယာရေးကော်မတီကို လာရောက်လျှောက်ထားရင် ဦးရာလူစနစ်နဲ့ ငှားရမ်းပေးနေတယ်လို့လည်း ဦးစစ်မင်းဟန်က ဆိုပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအများစုဟာ အားကစားပွဲတွေနဲ့ ပွဲတော်တွေမှာ လက်ဆောင်ပစ္စည်းတွေပေးပြီး ကုမ္ပဏီအမှတ်တံဆိပ်ကို လူသိများလာအောင် ကြော်ငြာတာတွေ ခေတ်စားလာတယ်လို့ 2.0 Co.Ltd က လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ဦးအောင်မြင့်က ပြောပါတယ်။

 

''ကျွန်တော်တို့က ဝန်ဆောင်မှုလုပ်ငန်းဖြစ်နေတယ်၊ လူတိုင်းက တက္ကစီမစီးကြပေမဲ့ ဘေလ်ဘုတ်က ကြော်ငြာလေးတွေ့ထားတော့ တက္ကစီစီးတဲ့အခါ စမ်းစီးကြည့်မယ်။ ဒီလိုလေးတော့ရှိတာပေါ့။ ကြော်ငြာတိုင်းက ရာနှုန်းပြည့်ထိရောက်မှုတော့ မရှိဘူး''လို့ ဦးအောင်မြင့်က ဆိုပါတယ်။

 

စည်ပင်သာယာရေးကော်မတီက ငှားရမ်းပေးတဲ့ ဘေလ်ဘုတ်တွေဟာ ရိုးရိုး ဗီနိုင်းကပ်ကြော်ငြာဘုတ်တွေဖြစ်ပြီး LED ကြော်ငြာဘုတ်တွေကတော့ ပုဂ္ဂလိကပိုင်မြေနေရာ ဒါမှမဟုတ် အဆောက်အအုံတွေမှာသာ ကြော်ငြာခွင့်ရှိမှာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မြေနေရာတွေမှာ ကြော်ငြာတဲ့ LED ကြော်ငြာဘုတ်တွေအတွက် ၁ စတုရန်းပေကို ကျပ်နှစ်သောင်းခွဲ (တစ်နှစ်စာ) အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

ဘေလ်ဘုတ်တွေကို ငှားရမ်းကြတဲ့အခါ တချို့ကုမ္ပဏီကြီးတွေက ကိုယ်တိုင်ကြော်ငြာဖို့ ငှားရမ်းကြပြီး အများစုကတော့ ကြော်ငြာကုမ္ပဏီတွေက ငှားရမ်းကြတာဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက ကြော်ငြာတွေကို ပရောဂျက်ကာလအလိုက် တစ်လ၊ နှစ်လ၊ သုံးလ စသဖြင့် ကာလအပိုင်းအခြားတစ်ခုသာ ငှားရမ်းလိုတဲ့အတွက် စည်ပင်မှာ တိုက်ရိုက်မငှားဘဲ ကြော်ငြာကုမ္ပဏီတွေကတစ်ဆင့် ငှားရမ်းကြော်ငြာကြတာလည်း ရှိပါတယ်။

 

''ဘုတ်တွေမှာ ကြော်ငြာတာက တစ်လမှာ ၁ဝ ရက်လောက် ထူးဆန်းတဲ့ကြော်ငြာကို ကြော်ငြာလိုက်ရင် လူတွေ ကြည့်ကောင်းကြည့်ကြပေမဲ့ အမြဲတမ်းဆိုရင်တော့ ရိုးသွားတယ်။ ဒါကြောင့် အမြဲတမ်း ကြော်ငြာထည့်မယ့်သူ မရှိတော့တာ၊ မိုဘိုင်းဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးများလာကြတော့ အဲဒီဘက်ကို အသုံးချပြီး ကြော်ငြာကြတာများလာတယ်''လို့ ဦးအောင်မြင့်က ဆိုပါတယ်။

 

ဒါ့ပြင် Billboard တွေမှာ ကြော်ငြာတဲ့အခါ ဒီဇိုင်းအတွက် ကုန်ကျစရိတ်တွေ၊ ဘေလ်ဘုတ် ငှားရမ်းခတွေကလည်း စရိတ်အရမ်းကြီးပြီး ရာသီဥတုမကောင်းတဲ့အခါ ဘုတ်တွေက ခဏနဲ့ ပျက်စီးသွားတတ်ကြတဲ့အတွက် ကြော်ငြာရတာ မထိရောက်ဘူးလို့ မြင်လာကြပါတယ်။ ဒါကြောင့် ဘေလ်ဘုတ်တွေမှာ ကြော်ငြာအားနည်းသွားတာ ဖြစ်တယ်လို့လည်း ဦးအောင်မြင့်က ဆိုပါတယ်။

 

ကြော်ငြာကုမ္ပဏီတွေအနေနဲ့ စည်ပင်သာယာရေးကော်မတီက ကန့်သတ်ထားတဲ့ ကြော်ငြာတွေဖြစ်တဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် အစရှိတဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ ကြော်ငြာမျိုးဆိုရင် စည်ပင်သာယာရေး ကော်မတီကို ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ကြော်ငြာခွင့်ရှိတယ်လို့ ဦးပြည့်ဖြိုးသိန်းက ဆိုပါတယ်။

 

လက်ရှိမှာ လူစည်ကားရာလမ်းမတွေဖြစ်တဲ့ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတွေအပြင် ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနဲ့ ဟံသာဝတီအဝိုင်းတို့မှာ တည်ရှိတဲ့ ကြော်ငြာဘုတ်တွေက အငှားအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကြော်ငြာဖို့ လူကြိုက်များတဲ့ နေရာတွေဖြစ်တဲ့ အဝိုင်းတွေနဲ့ ပြည်လမ်းတို့လို လမ်းမကြီးတွေမှာတောင် အလွတ်ဖြစ်နေတဲ့ ကြော်ငြာဘုတ်ကြီးတွေကို တွေ့နေရပါတယ်။ ဒါတွေဟာ လုပ်ငန်းရှင်တွေအနေနဲ့ လူသိမြန်တဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောင်းလဲကြော်ငြာလာကြတဲ့အတွက် ဖြစ်တယ်လို့ ဦးပြည့်ဖြိုးသိန်းက ဆိုပါတယ်။

 

ငှားရမ်းထားစဉ်ကာလအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးယိုယွင်းမှုတွေဖြစ်ပေါ်ခဲ့ရင် ငှားရမ်းထားတဲ့ ကာယကံရှင်က ပြင်ဆင်ပေးရမယ်လို့ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတယ်လို့လည်း ဦးစစ်မင်းဟန်က ဆိုပါတယ်။

 

ကုမ္ပဏီတစ်ခုဟာ ဘေလ်ဘုတ်တစ်ခုအတွက် စရန်ငွေ ကျပ် သိန်း ၂ဝ နဲ့အတူ တစ်ကြိမ်သာ လျှောက်ထားပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ဘေလ်ဘုတ်နေရာတွေကို ပြန်လည်ချထားပေးတဲ့အခါ မဲနှိုက်ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးပြီး ငှားရမ်းပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

''မဲနှိုက်ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးပေမဲ့ မဲနှိုက်တဲ့အခါ စည်ပင်သာယာရေးကော်မတီက ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပါဘူး။ ပွင့်လင်းမြင်သာတဲ့စနစ်နဲ့ သူတို့ကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်''လို့ ဦးစစ်မင်းဟန်က ဆိုပါတယ်။

 

မဲပေါက်ပြီး ကြော်ငြာကပ်ခွင့်ရရှိတဲ့သူတွေဟာ တစ်လအတွင်း လက်ကျန်ငွေကို သွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ငွေမသွင်းနိုင်ပါက စရန်ငွေကို ကော်မတီပိုင်အဖြစ်သိမ်းပြီး လုပ်ငန်းကြော်ငြာခွင့်ကိုလည်း ရပ်ဆိုင်းလိုက်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

 

ဘေလ်ဘုတ်စိုက်ထူထားတဲ့ ဇုန်နေရာကို ငါးခုသတ်မှတ်ထားပြီး ဇုန်အလိုက် ငှားရမ်းခဈေးနှုန်းတွေလည်း ကွာခြားမှုရှိပါတယ်။ လူကြိုက်များတဲ့နေရာတွေ၊ လူစည်ကားတဲ့ လမ်းမကြီးတွေနဲ့ အဝိုင်းတွေကိုတော့ ဇုန်အေအဖြစ် သတ်မှတ်ပြီး ကျန်ရှိတဲ့နေရာတွေထဲက လူကြိုက်အနည်းအများအလိုက် ဇုန်ဘီ၊ ဇုန်စီ စသဖြင့် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားတယ်လို့လည်း ၄င်းက ဆိုပါတယ်။

 

ဇုန်အလိုက် တစ်နှစ်စာ ငှားရမ်းခတွေကတော့ ဇုန်အေအတွက် ငွေကျပ် သိန်း ၂၅ဝ၊ ဇုန်ဘီအတွက် ငွေကျပ် သိန်း ၁၈ဝ၊ ဇုန်စီအတွက် ငွေကျပ် ၁၃၅ သိန်း၊ ဇုန်ဒီအတွက် ငွေကျပ် သိန်း ၁ဝဝ နဲ့ ဇုန်အီးအတွက် ငွေကျပ် သိန်း ၅ဝ တို့ပဲ ဖြစ်ပါတယ်။

 

Source: myanmar times

Read times
Rate this item
(1 Vote)