-->


ကာပူချီနိုအတွက်ကျသင့်ငွေကို ဘယ်သူ ရသွားသလဲ။

အလုပ်ကို အချိန်မီရောက်ဖို့ အလုပ်ဖွင့်ရက်တိုင်း သွားကြရတဲ့အခါ မြို့ကြီးတွေမှာ ယာဉ်ကြောကျပ်တာကို ကြုံရနေကျ ဖြစ်ပါတယ်။

သွားရတဲ့ လမ်းကြောင်းကလည်း ဖြောင့်ဖြောင့်တန်းတန်း မရှိဘူး။ စီးရတဲ့ ဘတ်စ်ကား လမ်းကြောင်းက ဖြောင့်ဖြောင့်တန်းတန်း မရှိဘူး။ လမ်းခုလတ်မှာ ကားပြောင်းစီးကြရတဲ့သူတွေလည်း ရှိတယ်။ ကိုယ်ပိုင်လမ်းကြောင်းဖြင့် ဝင်္ကပါသဖွယ် ဖြစ်နေတဲ့ လမ်းတွေပေါ်မှာ နံနက်ခင်း ခရီးကို နှင်ကြတယ်။ ဘတ်စ်ကား ကျပ်တာချောင်တာထက် လိုရာမှတ်တိုင်ကို အချိန်မီ ရောက်ဖို့ ပိုအလေးထားကြတယ်။ 

နယူးယောက်၊ လန်ဒန်၊ တိုကျို၊ ဆိုးလ် စတဲ့ မြို့ကြီးတွေမှာလည်း အလားတူပါပဲ။ ဘတ်စ်ကားအပြင် မြေအောက်ရထား၊ မြေပေါ်ရထားတွေနဲ့ သွားကြတာတွေ ရှိတယ်။  ယေဘုယျပုံစံကတော့ အတူတူပါပဲ။ အလုပ်ခွင်ကို နောက်မကျဘဲ အချိန်မီရောက်ဖို့ အရေးကြီးတာကြချင်း အတူတူ ဖြစ်ပါတယ်။ လမ်းမှာ အချိန်ကြာနေလို့ မရဘူး။ ခြေသဝေထိုးနေဖို့ အချိန်မရဘူး။ 

အဲဒီလို အချိန်လုပြီး အလုပ်ဆီသို့ သွားနေကြတဲ့ နံနက်ခင်းမှာ သွားနေကြတဲ့သူတွေကို ကမ္ဘာ့မြို့ပြတွေမှာ ကော်ဖီဆိုင်တွေ ဖွင့်ပြီး ကော်ဖီအမျိုးမျိုး ရောင်းချပေးနေတဲ့ Starbucks ကော်ဖီဆိုင်လုပ်ငန်း ရဲ့ ကောက်ဖီဆိုင်တွေမှာ အလောတကြီး ဖြစ်နေကြတဲ့သူတွေကို နံနက်ခင်းမှာ ကော်ဖီရောင်းချပေးနေတယ်။ 

ကော်ဖီတစ်ခွက် အမေရိကန်ဒေါ်လာ ၂ဒေါ်လာခွဲမှ ၃ ဒေါ်လာနီးပါးအထိ ရောင်းဈေးရှိတယ်။ ကော်ဖီဖိုးအပြင် စည်းကြပ်တဲ့ အခွန်ကိုပါ ထည့်ပေါင်းပြီး စုစုပေါင်းကို ပေးချေရတာ ဖြစ်ပါတယ်။ 

နေ့စဉ် ရထားစီးပြီး အလုပ်လာကြတဲ့သူတွေ အဆင်းများတဲ့ ဘူတာရုံတွေ အထွက်မှာ စတားဘတ်ဆိုင်တွေ နေရာယူထားတယ်။ ဘူတာကနေ အလုပ်ဆီကို ခြေလျင်လျှောက်ပြီး အဆုံးသတ် ခရီးတိုကို သွားကြတဲ့သူတွေထဲမှာ စတားဘတ်ဆိုင်ကို ဝင်ပြီး ကော်ဖီဝင်ဝယ်ကြသူတွေ ရှိတယ်။ 

အလုပ်ကို ၉ နာရီထက် နောက်မကျ အရောက်သွားရမယ်။ အချိန်က ၈ နာရီခွဲသာသာ ဖြစ်နေပြီ။ စတားဘတ်က ဈေးကြီးတယ်။ ဒါပေမဲ့ အနီးအနား ကော်ဖီရနိုင်တဲ့ တခြားဆိုင် မရှိဘူး။ စတားဘတ်လို အရည်အသွေး ကောင်းကောင်း အဆင်ပြေပြေဖြင့် ဝယ်လို့ ရနိုင်မယ့်ဆိုင် မရှိဘူးဆိုရင် အခုလို ဈေးပိုပေးရတာက အကြောင်း မဟုတ်တော့ဘူး။

ဈေးကြီးပေးပြီး ကော်ဖီဝယ်သောက်လိုက်ကြတဲ့အတွက် တစ်ယောက်ယောက် တဖွဲ့ဖွဲ့ကတော့ အမြတ်ထွက်သွားပြီ။

ပါတဲ့ ကော်ဖီမှုန့် တန်ဖိုးက တစ်ဒေါ်လာတောင် မပြည့်ဘူးလို့ ဆိုကြတယ်။ အဲဒီလို တွက်ချက်တာ မပြည့်စုံဘူး။ ကော်ဖီအပြင် နို့ပါသေးတယ်။ လျှပ်စစ်မီတာခ၊ ဆိုင်ခန်းခတွေ ရှိတယ်။ ထည့်ပေးတဲ့ စက္ကူခွက်အသားထူထူက အလကား မရဘူး၊ ဖျော်ပေးတဲ့ ဝန်ထမ်းတွေကိုလည်း လုပ်ခ ပေးရတယ်။ 

အဲဒီ ကုန်ကျစရိတ်တွေ အားလုံးပေါင်းရင်လည်း ကော်ဖီတစ်ခွက်အတွက် ပေးလိုက်ရတဲ့ ငွေပမာဏက အများကြီး များနေတယ်။ စီးပွားရေး ပါမောက္ခတစ်ဦး ဖြစ်သူ Brian McManus က ခန့်မှန်းတွက်ချက်ထားတာ အမြတ်ရဖို့ ကုန်ကျစရိတ်ရဲ့ တစ်ဆခွဲကို ရောင်းဈေးအဖြစ် သတ်မှတ်ထားတယ်တဲ့။ ကော်ဖီတစ်ခွက်ကို ခွက်ထဲ ဖျော်ထည့်ပေးလိုက်တာအတွက် ကုန်ကျစရိတ်က ၁ ဒေါ်လာ အောက်မှာပဲ ရှိတယ်။ တစ်ခွက် ၂.၅၅ ဒေါ်လာဖြင့် ရောင်းနေတယ်။ တစ်ခွက်ရောင်းရတိုင်း တစ်ဆခွဲ ဖြစ်တဲ့ ၁ ဒေါ်လာခွဲ မြတ်နေတယ်။

အဲဒီအမြတ်ကို ဘယ်သူ ရနေသလဲ။ စတားဘတ် ပိုင်ရှင် Howard Schultz ရနေတာလား။

အဖြေကို လွယ်လွယ်လေး ပေးလို့ မရဘူး။

(ဆက်လက်တင်ဆက်ပါဉီးမယ်)

ဆက်စပ်ဖတ်ရှုရန် ပုံကို ထိပါ

Read times
Rate this item
(0 votes)