-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်ချင်သူတွေ လေ့လာထားသင့်တဲ့ဘာသာစကား(၁၀)မျိုး

စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်ချင်သူတွေ လေ့လာထားသင့်တဲ့ဘာသာစကား(၁၀)မျိုး Google

ကမ္ဘာ့ထိပ်သီးနိုင်ငံတွေမှာ သွားရောက် ပညာသင်အလုပ်လုပ်ချင်သူတွေ၊ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို နိုင်ငံတကာမှာတိုးချဲ့လုပ်ကိုင်ချင်သူတွေအတွက် တစ်ခုမဟုတ် တစ်ခုမဖြစ်မနေ တတ်ထားသင့်တဲ့ ကမ္ဘာ့စီးပွားရေးလောကမှာ ရေပန်းအစားဆုံး ဘာသာစကား (၁၀)မျိုးကို ဖော်ပြပေးချင်ပါတယ်။

၁။ အင်္ဂလိပ်ဘာသာစကား

ကမ္ဘာ့ပညာရေးလောကနဲ့ စီးပွားရေးလောကမှာ လွှမ်းမိုးမှုအရှိဆုံးဘာသာစကားဆိုရင် မမှားပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ (၄)ပုံ (၃)ပုံခန့် ဟာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒီ့ထက်ပို ပြောရမယ်ဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း (၉၄) နိုင်ငံမှာ အင်္ဂလိပ်စာ Native Speaker ဦးရေ (၃၃၉)သန်း ရှိပါတယ်။ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့အပြင် တောင်အာဖရိကနဲ့ အခြားသောကမ္ဘာ့နိုင်ငံအချို့မှာလည်း အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ်သာမက ရုံးသုံးစကားအဖြစ်ပါ သတ်မှတ်ထားတဲ့အတွက် အင်္ဂလိပ်ဘာသာစကားဟာ လုပ်ငန်းရှင်တွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာတာဖြစ်ပါတယ်။

အင်တာနက်မှာရှိတဲ့ ဝဘ်ဒ်ဆိုက်တွေရဲ့ (၅၃)ရာခိုင်နှုန်းဟာလည်း အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုကြပြီး အင်တာနက်အသုံးပြုသူ (၉၄၉)သန်းဟာ အင်္ဂလိပ်စကားဖြင့်သာ ဆက်သွယ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လူသားအချင်းချင်းဆက်သွယ်မှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ ငြင်းလို့မရတဲ့အတွက် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ပြည်တွင်းကနေနိုင်ငံတကာအဆင့်အထိ ထိုးဖောက်ချင်တယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် “ဘို”စကားက ဘယ်လောက်အရေးပါတယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။


၂။ တရုတ်ဘာသာစကား

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဇာတ်ခုံမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာသလို တရုတ်ဘာသာစကား Native Speaker ပေါင်း မှန်းခြေ (၉၈၃) သန်းရှိတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာတရုတ်စကားကို နားလည်တဲ့လူပေါင်း (၁.၂ )ဘီလီယံအထိရှိပါတယ်။ ဒါ့အပြင် အင်တာနက်အသုံးပြုသူတွေကြားမှာ ဒုတိယရေပန်းစားတဲ့ ဘာသာစကားဖြစ်ပါတယ်။ အာရှသားတွေရဲ့ အင်တာနက်အသုံးပြုမှုနှုန်း တိုးတက်လာမယ်ဆိုရင် တရုတ်ဘာသာစကားဟာ အင်္ဂလိပ်ဘာသာစကားကိုကျော်တက်ပြီး အင်တာနက်ဘာသာစကား ဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်နိုင်ငံဟာ တံခါးပိတ်စီးပွားရေးဝါဒကနေ ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ခြင်း၊ နည်းပညာနယ်ပယ်မှာ ခြေလှမ်းကြီးကြီးမားမားလှမ်းနိုင်ခဲ့ခြင်းတို့ကြောင့် စီးပွားရေး တစ်ဟုန်ထိုးတိုးတက်လာပြီး တရုတ်ဘာသာစကားဟာ ခေတ်စားလာပါတယ်။ ဒီတိုးတက်မှုနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တရုတ်နိုင်ငံဟာ ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးကိုဦးဆောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုပြီး ပညာရှင်တွေက ခန့်မှန်းကြပါတယ်။


၃။ စပိန်ဘာသာစကား

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာစပိန်စကားပြောတဲ့သူ ဒုတိယအများဆုံးရှိတဲ့တိုင်းပြည် ဖြစ်တယ်လို့ကြားရရင် ယုံကြည်ဖို့ခက်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာတင် စပိန်ဘာသာစကားကို ပြောတဲ့သူ ဦးရေ (၃၇.၆)သန်း အထိရှိပြီး အမေရိကန်စာသင်ကျောင်းတွေမှာကအစ စပိန်ဘာသာစကားကို သင်ပေးကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ Music billboard မှာတောင် စပိန်သီချင်းတွေက နေရာယူထားပါတယ်။ အားလုံးကြားဖူးကြတဲ့ Despacito သီချင်းဟာလည်း စပိန်ဘာသာစကားနဲ့ သီဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာလက်တင် (Latin) လူဦးရေဟာ ၂၀၅၀ ခုနှစ်မှာ နှစ်ဆတိုးပွားလာမှာဖြစ်တဲ့အတွက် ဒီအချက်ကစပိန်ဘာသာစကားရဲ့အရေးပါမှုကို တွန်းအားပေးသလို ဖြစ်နေပါတယ်။ အကယ်၍ အမေရိကန်နိုင်ငံ ဒါမှမဟုတ် ကမ္ဘာ့အနောက်ဘက်ခြမ်းနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းစတင်ချင်တယ်ဆိုရင်တော့ စပိန်ဘာသာစကားဟာ ရွေးချယ်သင့်တဲ့ဘာသာစကား တစ်ခုဖြစ်ပါတယ်။


၎။ ဂျာမန်ဘာသာစကား

အာရှမှာဂျပန်နိုင်ငံဟာ စက်မှုအင်အားအကြီးဆုံးနိုင်ငံ ဖြစ်သလိုပဲ ဥရောပမှာဂျာမနီနိုင်ငံဟာလည်း စက်မှုအင်အားအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာများ ထွန်းကားခြင်းကြောင့် ဂျာမနီဟာအခိုင်မာဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး စီးပွားရေးကိုပိုင်ဆိုင်တဲ့ ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုဟာ (၂.၄) ထရီလီယမ်ယူရို အထိရှိပါတယ်။ ကိုယ်ကဂျာမန်စကားကို ကောင်းကောင်းမွန်မွန် ပြောနိုင်မယ်ဆိုရင် ဥရောပစီးပွားရေးလောကကိုဝင်နိုင်ဖို့ အခွင့်အရေးတော်တော်များရမှာ ဖြစ်ပါတယ်။

ဂျာမန်ဘာသာစကားဟာ ကမ္ဘာပေါ်မှာအသုံးပြုသူ စတုတ္ထအများဆုံးဘာသာစကားဖြစ်ပြီး ၉၅သန်းသော Native Speaker ဦးရေနဲ့အတူ ကမ္ဘာတဝှမ်းမှာအသုံးပြုသူပေါင်း သန်း (၂၁၀)အထိရှိပါတယ်။ ဂျာမနီစကားဟာ ဥရောပမှာ အသုံးများတဲ့ဘာသာစကား ဖြစ်ရုံသာမက ဘယ်လ်ဂျီယံ၊ သြစတေးရီးယား၊ ဟော်လန်၊ ဒိန်းမတ်၊ ဆွဇ်ဇလန်၊ လစ်စထင်စတိုင်း (Liechtenstein)နဲ့ လက်ဆမ်ဘာ့ (Luxembourg) အစရှိတဲ့ နိုင်ငံတွေမှာလည်း ဂျာမန်စကားကို အသုံးပြုသူတွေအများအပြားရှိပါတယ်။ နောက်ပြီး ဂျာမန်စကားပြောတတတဲ့သူတွေဟာ အခြားလူတွေထက် လုပ်အားခ (၄) ရာခိုင်နှုန်းပိုရပါတယ်တဲ့။


၅။ ပေါ်တူဂီဘာသာစကား

ပေါ်တူဂီဘာသာစကားဟာ လက်တင်အမေရိကားမှာ စပိန်ဘာသာစကားပြီးရင် ဒုတိယအပြောအများဆုံး ဘာသာစကား ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံအပြင် ဘရာဇီးနိုင်ငံနဲ့ အာဖရိကနိုင်ငံအချို့မှာ ပေါ်တူဂီဘာသာစကား ပြောသူပေါင်း (၂၁၅)သန်းအထိရှိထားတဲ့ ဘာသာစကားလည်းဖြစ်ပါတယ်။ စာရင်းအချက်အလက်များအရ ပေါ်တူဂီဘာသာစကား အသုံးပြုသူအရေအတွက်ဟာ နှစ်စဉ် (၆ )ရာခိုင်နှုန်းအထိ တဟုန်ထိုးတိုးတက်လာပြီး ကမ္ဘာ့အသုံးပြုသူအများဆုံးစာရင်းမှာ နံပါတ်(၅)နေရာရောက်ရှိလာတဲ့ ဘာသာစကားဖြစ်ပါတယ်။

ပေါ်တူဂီစကားကို ရုံးသုံးစကားအဖြစ်သတ်မှတ်ထားတဲ့ ဘရာဇီးနိုင်ငံဟာ သိပ္ပံနှင့်ဆေးဝါးနည်းပညာ၊ စွမ်းအင်ကဏ္ဍတွေမှာ ဖွံ့ဖြိုးလာနေပြီဖြစ်တဲ့အတွက် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေ မျက်စိကျနေတဲ့ နိုင်ငံတစ်နိုင်ငံဆိုလည်း မမှားပါဘူး။ ဒါ့အပြင် အန်ဂိုလာ (Angola)၊ ကိတ်ဗာဒီ (Cape Verde)၊ ဂနီး-ဘဆော့ (Guinea-Bissau)၊ မိုဇမ်ဘစ် (Momzambique) နိုင်ငံတွေမှာလည်း ပေါ်တူဂီစကားကိုအသုံးပြုတဲ့အတွက် အဲ့ဒီနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေအတွက် ပေါ်တူဂီစကားဟာ မဖြစ်မနေသင်ယူသင့်တဲ့ဘာသာစကား ဖြစ်ပါတယ်။


၆။ အာရပ်ဘာသာစကား

အာရပ်ဘာသာစကားဟာ စီးပွားရေးအခွင့်အလမ်းတွေ အလျှင်အမြန်တိုးပွားလာတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အဓိကအသုံးပြုတဲ့ဘာသာစကားဖြစ်ပြီး အာရပ်ဘာသာစကားသင်ကြားခြင်းဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထပ်ဆောင်း အကျိုးကျေးဇူးတွေရရှိစေမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အာရပ်ဘာသာစကားကို အသုံးပြုသူပေါင်း (၂၉၅)သန်းရှိပြီး နိုင်ငံပေါင်း (၂၈)နိုင်ငံရဲ့ တရားဝင်ရုံးသုံးစကားဖြစ်ပါတယ်။ အဲ့ဒီ (၂၈) နိုင်ငံထဲမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေ ပါရှိပါတယ်။

ဒါ့အပြင် အင်္ဂလန်နိုင်ငံကနေနိုင်ငံတကာကို ထုတ်ကုန်ပစ္စည်းအများဆုံး တင်ပို့နေတဲ့နိုင်ငံပေါင်း(၅၀)စာရင်းထဲမှာ အာရပ်စကားပြောတဲ့နိုင်ငံ(၆)နိုင်ငံပါဝင်နေပြီး ယင်း(၆)နိုင်ငံကို ထုတ်ကုန်တင်ပို့မှုပမာဏပေါင်းဟာ တရုတ်၊ အီတလီ၊ စပိန် အစရှိတဲ့ နိုင်ငံကြီးတွေကို တင်ပို့မှုပမာဏတွေထက်ကို ကျော်လွန်ပါတယ်။ ဒီအချက်တွေကြောင့် ဗြိတိသျှသံရုံးရဲ့အစီရင်ခံစာမှာ အာရပ်ဘာသာစကားဟာ အနာဂတ်မှာ ဒုတိယအရေးပါဆုံးဘာသာစကား ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၇။ ပြင်သစ်ဘာသာစကား

ပြင်သစ်ဘာသာစကားကို နိုင်ငံပေါင်း(၂၉)နိုင်ငံကျော်မှာ ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒုတိယအသုံးအများဆုံးဘာသာစကားလည်း ဖြစ်ပါတယ်။ ၁၆ ရာစုကနေ ၂၀ ရာစုအထိ ပြင်သစ်နိုင်ငံဟာ ကိုလိုနီနယ်ချဲ့ခဲ့ပြီး နယ်မြေများစွာပိုင်ဆိုင်ခဲ့ခြင်းဟာ သူတို့ဘာသာစကားကိုကျယ်ပြန့်စေခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ သက်ရှိနဲ့သဘာဝသယံဇာတပေါကြွယ်ဝတဲ့ အာဖရိကတိုက်မှာတောင် ပြင်သစ်ဘာသာစကားပြောတဲ့နိုင်ငံတွေရှိပါတယ်။

အာဖရိကတိုက်ရဲ့စီးပွားရေး အလျှင်အမြန်တိုးတက်လာတဲ့နိုင်ငံတွေဖြစ်တဲ့ တန်ဇနီးယား (Tanzania)၊ ရဝမ်ဒါ (Rwanda)၊ မိုဇမ်ဘစ် (Mozambique)၊ ကွန်ဂို (Congo)၊ ကုဒ်ဒီဗွား (Cote D’Ivoire) အစရှိတဲ့ နိုင်ငံတွေမှာ ပြင်သစ်ဘာသာစကားကိုအသုံးပြုကြပြီး အဲ့ဒီထဲက(၃)နိုင်ငံကတော့ ရုံးသုံးဘာသာစကားကို ပြင်သစ်စကားအဖြစ် သတ်မှတ်ထားပါတယ်။ ပြင်သစ်ဘာသာစကားဟာ သူ့ကိုလိုနီခေတ်တုန်းကလောက် မပျံ့နှံတော့ဘူးဆိုပေမဲ့ အခုလက်ရှိမှာပြင်သစ်ဟာ အင်္ဂလန်နိုင်ငံရဲ့အရေးကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံဆိုတာကို မေ့ထားလို့မရပါဘူး။

Read More>>> မလေးရှားတစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ McDonald Billboard Campaign
၈။ ဂျပန်ဘာသာစကား

အာရှမှာ နောက်ထပ်အလားအလာကောင်းတဲ့ ဘာသာစကားကိုပြပါဆိုရင် ဂျပန်စကားကိုပြရမှာပဲဖြစ်ပါတယ်။ ဂျပန်ဘာသာ Native Speaker ဦးရေသန်း(၁၃၀)ရှိပြီး Native Speaker မဟုတ်ပေမယ့် ဂျပန်စကား ကောင်းကောင်းပြောနိုင်တဲ့သူ အရေအတွက်ကလည်း ကမ္ဘာတစ်ဝှမ်းမှာ သန်း(၁၃၀)လောက်ထိကိုရှိပါတယ်။ ဂျပန်ဘာသာစကားကို အသုံးပြုပြီး အင်တာနက်စီးပွားရေး (E-commerce) ပြုလုပ်တဲ့ပမာဏဟာ ဒေါ်လာ ၈၈.၀၆ သန်းထိရှိပြီး အင်တာနက်အသုံးပြုသူတွေအသုံးများဆုံး ဆဌမမြောက်ဘာသာစကားဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ နည်းပညာအသစ်တွေ ရှာဖွေရေးကဏ္ဍနဲ့ပတ်သက်ပြီး ကမ္ဘာ့မှာဒုတိယအများဆုံးမြုပ်နှံသူဖြစ်သလို နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုနိုင်တဲ့အာရှနိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါသေးတယ်။ ဂျပန်နိုင်ငံဟာ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွေမှာ ကောင်းမွန်တဲ့နာမည်ကောင်းရှိတဲ့အပြင် စက်ရုပ်နည်းပညာနယ်ပယ်မှာလည်း ရှေ့တန်းကပါဝင်တဲ့အတွက် နည်းပညာသမားတွေနဲ့ နည်းပညာစွန့်ဦးတီထွင်သူတွေအတွက် အခွင့်အရေးကောင်းတွေရှိတဲ့နေရာဖြစ်ပါတယ်။


၉။ ရုရှားဘာသာစကား

ရုရှား Native speaker ဦးရေသန်း(၁၆၀)လောက်ဟာ ရုရှားနိုင်ငံမှာတင်မဟုတ်ဘဲ ဥရောပအရှေ့ပိုင်း၊ အလယ်ပိုင်းတွေမှာ ပျံနှံ့နေထိုင်ကြတာဖြစ်ပါတယ်။ ရုရှားဘာသာစကားဟာ အင်တာနက်မှာကိုးခုမြောက် အသုံးပြုသူအများဆုံးဘာသာစကားလည်း ဖြစ်ပါသေးတယ်။ ရုရှားဘာသာစကားဟာ အသုံးပြုသူများရုံသာမကဘဲ ရုရှားနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကျယ်ပြန့်မှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကြွယ်ဝမှု ၊ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုတွေအတွက် အလားအလာကြီးမားမှု စတာတွေကြောင့်လည်း အရေးပါနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် နှင့် တရုတ်မဟုတ်ဘဲ အခြား ကမ္ဘာ့ အင်အားကြီးနိုင်ငံ တစ်ခုမှာ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရုရှားဘာသာစကားဟာ သင်ယူသင့်တဲ့ အထဲမှာ ပါဝင်ပါတယ်။


၁၀။ ဟိန္ဒူဘာသာစကား

ဟိန္ဒူဘာသာစကားဟာ အသုံးပြုသူပေါင်းသန်း(၂၇၀)ရှိတဲ့ ကမ္ဘာပေါ်မှာဒသမလူသုံးအများဆုံး ဘာသာစကားဖြစ်ပါတယ်။ ဒါပေမဲ့ဟိန္ဒူဘာသာစကားက ကိုယ်ရဲ့စီးပွားရေးဗျူဟာတွေ လုပ်ငန်းချဲ့ထွင်မှုတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာ စဉ်းစားမိကြမှာပါပဲ။ အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်စကားပြောနိုင်သူ(၁၂၆ )သန်းရှိပေမယ့် လူဦးရေရဲ့(၈၅)ရာခိုင်နှုန်းလောက်ဟာ ဟိန္ဒူဘာသာစကားကိုသာအသုံးပြုနိုင်ပြီး အင်္ဂလိပ်စကား ကောင်းကောင်းမပြောနိုင်တဲ့သူများပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်မှာ လူဦးရေဒုတိယအများဆုံးဖြစ်လို့ စီးပွားရေးသမားတွေမျက်စိကျတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ကစီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာနဲ့ဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ချင်ရင်ပဲဖြစ်ဖြစ် အပေါ်မှာပြောခဲ့တဲ့ ဘာသာစကားတွေသင်ကြားထားခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေ အဆုံးအစွန်ထိရောက်အောင် ခေါ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

source ; Myanlearn
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)