-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေကို လိုက်နာသင့်လဲ?

ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေကို လိုက်နာသင့်လဲ? google

ခေါင်းဆောင်ကောင်းတစ်ယောက်က ကိုယ့်အဖွဲအစည်းရဲ့နေ့စဉ်အသေးစိတ်ကိုဂရုစိုက်ရမယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အဖွဲ့ကို ဂရုစိုက်ရမယ်ဆိုတာ ခေါင်းဆောင်တိုင်းသိတဲ့အရာအများကြီးထဲကတစ်ခုဖြစ်တယ်။

ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်ထဲကနေ့စဉ်ပြုလုပ်သင့်တဲ့အချက်တွေကို တွေးမိတာလေး မျှဝေချင်ပါတယ်။ ဒီအချက်လေးတွေကို သေချာဂရုစိုက်လိုက်ပါ လုပ်ဆောင်ရင်း ကောင်းတဲ့ရလဒ်တွေရမရစမ်းကြည့်လို့ရတာပေါ့။

၁။ အခြေနေတွေအားလုံးသိဖို့လိုတယ်

Walmart ကိုတည်ထောင်ခဲ့တဲ့ Sam Walton နေ့စဉ်လုပ်တဲ့အရာတစ်ခုထဲမှာဘာပါလဲဆိုတော့ အခြေအနေတွေအားလုံးကို သူ့အဖွဲ့အစည်း (သို့) အဖွဲ့ထဲမှာပါတဲ့သူတွေကိုထိမ်ဝှက်မထားပဲပြောပြတာပဲ။
ကျွန်တော်တို့ကဘာလုပ်မိလေ့ရှိလဲဆိုတော့ ကောင်းတာဆိုဝုန်းကနဲ ရုတ်တရက်သိစေချင်ကြသလို မကောင်းတာဆိုအဖွဲ့ထဲကလူတွေကို မပြောပဲကြိတ်ဖြေရှင်းတတ်ကြတယ်။
အဖွဲ့ထဲကလူတွေက ဘာကိုလုပ်နေမှန်းမသိပဲနဲ့ လိုက်လုပ်နေရတော့ မှုန်ဝါးဝါးဖြစ်နေရော။ ကောင်းတာရောမကောင်းတာရောက တစ်ချိန်ချိန်ပြန်သိတာပဲ။
အဲ့တော့အခြေနေကိုချပြပြီး သေချာပြင်ဆင်လိုက်ရင် ရလဒ်တွေကပိုကောင်းလေ့ရှိတယ်လို့ Sam Walton ကပြောခဲ့ဖူးတယ်။
ဘယ်သွားနေမှန်းမသိဘဲနဲ့ ညွှန်ကြားချက်တိုင်းလိုက်သွားနေရတဲ့သူနဲ့ သွားမဲ့လမ်းကြောင်းကိုသေသေချာချာသိပြီး ညွန်ကြားချက်ကို လိုက်ပါလုပ်ဆောင်နေရတဲ့သူရဲ့ Motivation ကမတူဘူး။ အဲ့တော့ထိရောက်မှုကလဲမတူဘူး။

၂။ ဘယ်လဲ? ဘယ်သူဆုံးဖြတ်မှာလဲ?

ဘာလုပ်မှာလဲဆိုတာ အားလုံးသိရပြီဆို နောက်တစ်ခုက ဘာဖြစ်လို့လုပ်ရတာလဲဆိုတာ အရေးကြီးပြန်ရော။
အပေါ်ကဘာလုပ်မှာလဲဆိုတာကိုသေချာချပြပြီးရင် ဘယ်သွားမလဲဆိုတာရှင်းရှင်းလင်းလင်းသိနေရင် ကိုယ့် အဖွဲ့ကသူတွေဆီက ထိရောက်တဲ့အကြံတွေ ပိုရဖို့က အခွင့်ရေးပိုများလာတတ်တယ်။
တစ်ခုရှိတာကတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ အဖွဲ့ထဲကသူတွေကို ကျွန်တော်တို့ဦးဆောင်ဦးရွက်ပြုနိုင်ဖို့ကအရေးကြီးတယ်။
ဆိုလိုတာက အကြံပေးတိုင်း နားမလည်ဘဲနဲ့ ခေါင်းငြိမ့်နေမဲ့အစား လိုအပ်ရင် ကိုယ်သွားချင်တဲ့ ဗျူဟာတွေနဲ့မကိုက်ရင် ထိရောက်တဲ့ငြင်းပယ်မှုတွေကို အဖွဲ့တစ်ခုလုံး နားလည်အောင်လုပ်နိုင်ရမယ်။

၃။ တာဝန်နဲ့ ပံ့ပိုးမှု

ဆုံးဖြတ်ချက်တွေချပြီးရင်တော့ အဖွဲ့ကို ကိုယ်လိုချင်တာတွေရအောင်လုပ်ဆောင်တဲ့နေရာမှာ ကိုယ်ဘာတွေပြန်ပံ့ပိုးပေးပြီး သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေနဲ့ လုပ်ငန်းတွေအတွက် ဘာအကျိုးကျေးဇူးတွေပြန်ရလာနိုင်မလဲဆိုတာကိုယ့်အဖွဲ့ က လူတွေသိနေဖို့လိုတယ်။
လုပ်ငန်းအောင်မြင်အောင်လုပ်တဲ့နေရာမှာအားလုံးပါဝင်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အတူတကွချမှတ်နိုင်ဖို့လိုသလို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့အစည်းထဲမှာပါဝင်တဲ့သူတွေရဲ့ လုပ်နိုင်စွမ်းနဲ့ကိုက်ညီတဲ့ တာဝန်တွေခွဲပေးနိုင်ရမယ်။
တာဝန်တွေခွဲပေးထားရဲ့သားနဲ့ သူတို့ဘက်က တတ်စွမ်းသလောက် လိုက်မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့သိအောင်ကြိုးစားရမှာက ဘာလို့လိုက်မလုပ်တာလဲဆိုတာပဲ။

၎။ အခြေအနေဖန်တီးရန်

အထက်ကအရာတွေသိဖို့ဆိုရင် ကျွန်တော်တို့အဖွဲ့ထဲကသူတွေ ပွင့်ပွင့်လင်းလင်းပြောခွင့်ရမဲ့ ပြောလို့အဆင်ပြေမဲ့ အခြေအနေတွေဖန်တီးပေးထားဖို့လိုမယ်။
ကိုယ်ကအမြဲပြောနေမဲ့အစား အခြားသူတွေပြောတာကို မှန်ကန်တဲ့အဖြေရှာတဲ့နေရာမှာ အမြဲနားထောင်ပြီး ပြောခွင့်အမြဲပေးတဲ့ ခေါင်းဆောင်ဖြစ်ဖို့လိုတယ်။
အကြံပေးမှု၊ အမြင်ဖလှယ်မှုနဲ့ပတ်သတ်ရင် ကိုယ့်အဖွဲ့ကသူတွေအမြဲ ပြောချင်စိတ်ရှိအောင် အခြေနေအရပ်ရပ်ကို ဖန်တီးပေးနိုင်ရမယ်။ လိုအပ်ရင်အကြံဥာဏ်တွေ အန်ထွက်လာအောင်ပါ အစ်ထုတ်နိုင်ရမယ်။ ဆိုရိုးတစ်ခုကြားဖူးတာကဘာလဲဆိုတော့ ဆိတ်ဆတ်နေခြင်းက အခြားလူတွေရဲ့ယုံကြည်ချက်နဲ့ထင်မြင်ချက်ကို အစ်ထုတ်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်ဆိုတာပဲ။
ပိုကောင်းတာတစ်ခုက အလွန်ကောင်းမွန်ထိရောက်တဲ့မေးခွန်းတွေမေးတာပဲ။ Coaching Questions တွေလိုပေါ့။

၅။ တူညီတဲ့ Values ပေါ်အခြေခံရန်

တစ်ခုရှိတာက ကျွန်တော်တို့ရဲ့ အကြံတွေဆုံးဖြတ်ချက်တွေကတော့ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ Values၊ အဖွဲ့အစည်းရဲ့ ဘုံတန်ဖိုးတွေပေါ်အမြဲအခြေခံဖို့တော့လိုတယ်။ကျွန်တော်တို့အဖွဲ့ဝင်တွေပြောတဲ့အရာတွေကအခြားသူတွေလဲတန်ဖိုးထားပြီး အရေးကြီးတယ်လို့ခံယူနိုင်လောက်တဲ့အထိကောင်းနေဖို့လိုတယ်။
အဲ့လိုဖြစ်ဖို့ဆိုရင် ကျွန်တော်တို့က အဖွဲ့အစည်းတစ်ခုလုံးရဲ့ Mission, Vision နဲ့ Core Values တွေကို Strategic Planning စ ဆွဲကတည်းက သေချာ အဖွဲ့အစည်းထဲစီးဝင်အောင်ကြိုးစားရမယ်။
အဲ့လိုတူညီတဲ့အနာဂတ်တွေတိတိကျကျရှိမှ လုပ်တဲ့အရာတွေ တွေးတဲ့အရာတွေ အကြံအစည်တွေအားလုံးက တစ်သားထဲဖြစ်မှာ။

၆။ ယုံကြည်မှု

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုပြန်မေးရမှာက သူတို့ကို ကိုယ်ဘယ်လောက်ထိယုံကြည်လဲ၊ သူတို့ကကိုယ့်အဖွဲ့စည်းအတွက်ဘယ်လောင်ထိအကျိုးပြုသလဲဆိုတာရှင်းလင်းခိုင်မာစွာသိနေရမယ်။
အပေါ်ကအရာတွေလျော့နေရင်တော့ ကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းအင်ကိုပြန်သုံးသပ်၊ သူတို့တွေဒီထက်ပိုအားကိုးယုံကြည်ထိုက်တဲ့သူတွေဖြစ်အောင် ကိုယ်ဘာတွေမဖြည့်စည်းပေးရသေးဘူးလဲဆိုတာကို။ အဲ့ဒီအဖြေမရမချင်း ကိုယ်ကခေါင်းဆောင်မှုပိုင်းမှာလိုနေသေးလို့ပဲ။
လုံးဝဆွဲတင်လို့မရတဲ့သူကိုအဖွဲ့ထဲထားမိပြီဆိုရင်တော့ ကိုယ့်ခေါင်းဆောင်မှုစွမ်းရည်က လိုအပ်ချက်တော်တော်ကြီးနေလို့ပဲ။ အဲ့တော့ယုံကြည်မှု၊ ကိုယ့်အဖွဲ့ထဲကသူတွေကို ယုံကြည်ပေးနိုင်မှုက သူတို့တွေရဲ့စိတ်လုံခြုံရေးမှာအလွန်အခြေခံကျတဲ့အရာ။
လုံခြုံတဲ့ စိတ်အခြေအနေကိုဖန်တီးပေးနိုင်ပြီဆိုရင်တော့ သူတို့ဆီကနေ အကောင်းဆုံးမျှော်လင့်နေလို့ရပြီ။

၇။ အရေးအလွန်ပါကြောင်း

ကိုယ်ကခေါင်းဆောင်ကောင်းဖြစ်မနေဘူးဆိုရင်ရော၊ ကိုယ့်အဖွဲ့ထဲကသူတွေက ဒီခေါင်းဆာင်အတွက် အကောင်းဆုံးတွေချပြ၊ လုပ်ပေး၊ ကြံစည်ပေးနေမှာမဟုတ်ဘူး။
ခေါင်းဆောင်ကောင်းတွေရဲ့အနောက်မှာ အမြဲတမ်း၊ ဘယ်အချိန်ကြည့်ကြည့်သူတို့အတွက်ရပ်တည်ပေးမဲ့ အဖွဲ့ဝင်တွေရှိတယ်။
အဲ့လိုပဲ အဖွဲ့အစည်းကောင်းတိုင်းမှာ သူ့အဖွဲ့အတွက်အမြဲတမ်းရပ်တည်ပေးမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်။ အဲ့တော့ကိုယ့်အဖွဲ့ကိုသိအောင်လုပ်ရမှာက သူတို့တွေရဲ့အရေးပါအရာရောက်ကြောင်းကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု အသိပေးနေရမှာဖြစ်သလို သူတို့တွေအတွက် ကိုယ်ဘယ်လောက်ထိ ရပ်တည်ပေး၊ ပံ့ပိုးပေး၊ ဆွဲတင်ပေးပြီး သူတို့ဘက်က အမြဲတမ်းဘယ်လိုရပ်တည်မလဲဆိုတာကို သူတို့ခံစားမိဖို့၊ သူတို့မြင်နေဖို့နှင့် ကြားနေဖို့လိုတယ်။

၈။ အသိအမှတ်ပြု၊ ဆက်မြှင့်တင်

ခေါင်းဆောင်ကောင်းတွေ အမြဲလုပ်ဆောင်တာ ဘာရှိလဲဆိုတော့ အဖွဲ့ဝင်တွေသတ်မှတ်ထားတဲ့ သူတို့လုပ်နိုင်စွမ်းတွေထက်ပိုမြင့်တဲ့နေရာကို ရောက်နိုင်ကြောင်းဦးဆောင်လမ်းပြပို့ဆောင်ပေးတာပဲ။
ဘယ်လိုလုပ်လေ့ရှိလဲဆိုတော့ အဖွဲ့ဝင်တွေတစ်ခုခုကိုရအောင်စွမ်းဆောင်နိုင်ပြီဆိုရင် အမြဲအသိအမှတ်ပြုပေးတယ် ပြီးရင်အရေးကြီးတာတစ်ခုက အဲ့လောက်နဲ့မတင်းတိမ်အောင်ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ဖော်ပြမြှင့်တင်ပေးတယ်။
နောက်တစ်ခုပိုပြီးအရေးကြီးတာက အဲ့ဒီ သူတို့သတ်မှတ်ထားတဲ့ အဆင့်အထိမရောက်နိုင်ရင် ပွင့်ပွင့်လင်းလင်းတာဝန်ယူပြီးဝန်ခံဖြေရှင်းတယ်။
ဒါပေမဲ့ မြင့်မားတဲ့ စံသတ်မှတ်ချက်တွေကိုတော့မလျှော့ဘူး ဘာလို့လဲဆိုတော့သူတို့ခေါင်းထဲမှာအမြဲတမ်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ Mission, Vision နဲ့ Core Values တွေနဲ့ ဦးဆောင်ချီတက်နေလို့ပဲ။

၉။ အောင်ပွဲခံ

ရည်မှန်းချက်တစ်ခုခုကိုရပြီဆိုရင် ခေါင်းဆောင်တွေသတိထားရမှာက ရည်မှန်းချက်တစ်ခုရဲ့နောက်ဆက်တွဲက ဆက်တိုက်နောက်ရည်မှန်းချက်ကို အသားကုန်လိုက်လုပ်ရတာမဖြစ်စေဖို့ပဲ။
အခုလက်ရှိရယူထားတဲ့ရည်မှန်းချက်ကလဲ အရေးကြီးကြောင်း အားလုံးရဲ့လုပ်ဆောင်ချက်တွေကလဲ အရေးပါကြောင်းကို အောင်ပွဲခံရင်းအသိအမှတ်ပြုပြီး နောက်တစ်ဆင့်အတွက်ခွန်အားယူတာမျိုးက ခေါင်းဆောင်ကောင်းတွေလုပ်လေ့ရှိတဲ့အရာဖြစ်တယ်။
အောင်ပွဲကသေးတာကြီးတာမဟုတ်ပဲ အောင်မြင်မှုရဲ့အရသာကို တစ်ကယ်ခံစားရတဲ့ပွဲမျိုးဖြစ်သင့်တယ်။
ကိုယ့်အဖွဲ့အတွက်အောင်ပွဲခံရာမှာ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ဘဝအောင်မြင်မှုတွေကိုလဲ အသိအမှတ်ပြုသင့်သလို အဖွဲ့လိုက်လုပ်ဆောင်ချက်တွေကိုလဲ အောင်ပွဲခံသင့်တယ်။

၁၀။ နည်းပေး

မြန်မာနိုင်ငံကိုပိုကောင်းအောင်တစ်ဖက်တလမ်းကူညီဖို့ဆို အရေးကြီးတာက ကိုယ်ရထားတဲ့ အောင်မြင်မှု၊ ကိုယ်ဦးဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုလမ်းကြောင်းကို အဖွဲ့ဝင်တွေ၊ သက်ဆိုင်သူတွေ၊ အနာဂတ်ခေါင်းဆောင်တွေကိုပြန်ချပြနိုင်ဖို့ပဲ။
ကိုယ်ရခဲ့တဲ့သင်ခန်းစာ ကိုယ်ရခဲ့တဲ့အောင်မြင်မှုတွေကို အခြားသူတွေပိုတိုတောင်း ပိုလွယ်ကူတဲ့နည်းလမ်းတွေနဲ့ရယူနိုင်ရင် ကျွန်တော်တို့ရည်မှန်းတဲ့ ပိုကောင်းတဲ့မြန်မာနိုင်ငံ ဒီထက်မြန်မြန်ဖန်တီးနိုင်မယ်လို့ယုံကြည်တယ်။

Recommended for u- ကြီးကျယ်ခမ်းနားတဲ့ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုအရည်အသွေး (၇) ခု

Source:Naing Win Aung ( Professional Business Coach & Facilitator)

Read times
Rate this item
(1 Vote)