-->


ကောင်းမွန်တဲ့ Presentation ဘယ်လိုတင်ဆက်မလဲ

ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားရတဲ့ စကားလေး အချို့ရှိပါတယ်။ အထူးသဖြင့် အလုပ်ခွင် ဝင်ကာစနဲ့ ကျောင်းတက်နေတဲ့ လူငယ်တွေ ကြားမှာပါ။ ဘာလဲဆိုတော့ “Presentation မပြောတတ်ဘူး၊ မပြောရဲဘူး၊ စာပဲ ကောက်ဖတ်လိုက်ချင်တာ” ဆိုတာလေးပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အခြေခံစရိုက်ချင်း မတူကြတဲ့ အတွက် အချို့ က လူရှေ့ ထွက် စကားပြောရတာ ဝါသနာပါတယ်၊ အချို့က ဝါသနာတော့ မပါလှပေမယ့် အဆင်ပြေအောင် ပြောနိုင်ကြတယ်၊ အချို့ကတော့ လုံးဝမပြောရဲပါဘူး။ မပြောရဲတဲ့နေရာမှာလည်း အကြောင်းအရင်းများစွာ ရှိပါတယ်။ ဘာသာစကား အားနည်းမှုကြောင့်၊ ယုံကြည်မှု မရှိတာကြောင့်၊ မှားမှာ စိုးရိမ်တာကြောင့် စသည်ဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။

ယနေ့ခေတ်မှာ မိမိ သိကျွမ်းတတ်မြောက်ရာကို ပြောဆိုပြသရတဲ့ Presentation ပြုလုပ်ခြင်းကလည်း နယ်ပယ်တိုင်းမှာ တွင်ကျယ်လာပါပြီ။ အပေါ်မှာ ပြောထားတဲ့ အကြောင်းအရာတွေကြောင့် အများ အားဖြင့် လူတွေက Presentation ဆိုတာကို မလုပ်ရဲကြတာပါ။ ဒါကြောင့် Presentation ဆိုင်ရာစွမ်းရည်တွေ တက်လာစေဖို့ အတွက် နည်းလမ်းကောင်းလေး အချို့ကို လိုက်နာနိုင်စေဖို့ ရေးသား လိုက်ရပါတယ်။

 

ပထမဆုံး အချက်ကတော့ မိမိ စကားပြောထားတဲ့ အသံကို အသံဖမ်းပြီး ပြန်နားထောင်ကြည့်ဖို့ပါပဲ။

 

အစပိုင်းတော့ တော်တော်ရယ်ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့အသံဟာ သဘောတရား အရ ကိုယ်ကြားတဲ့ ကိုယ့်အသံနဲ့ သူများကြားတဲ့ ကိုယ့်အသံနဲ့ သိပ်မတူတတ်ပါဘူး။ အသံဖမ်းထားရင် လည်း ဒီလိုပါပဲ။ ကိုယ်က အဆင်ပြေတယ် လို့ထင်တဲ့ ကိုယ့်အသံနဲ့ အသံနေအသံထားဟာ သူများက ကြားတဲ့အခါမှာ ဖြစ်စေ၊ အသံဖမ်းပြီး ပြန်နားထောင်တဲ့ အခါမှာ ဖြစ်စေအနည်းငယ် မတူတာဖြစ်တတ်ပါတယ်။

 

ဒါကြောင့်ကိုယ့်အသံကိုယ် ပြန်အသံဖမ်းပြီး နားထောင် ကာ လိုအပ်တဲ့ လေယူလေသိမ်းနဲ့ အသံအဖြတ် အတောက်တွေကို လေ့ကျင့်မယ်ဆိုရင် Presentation လုပ်တဲ့ နေရာမှာ အထောက်အကူ ဖြစ်စေမှာပါ။ ဒီနည်းလမ်းဟာ နာမည်ကျော် သရုပ်ဆောင်တွေ၊ speaker တွေ ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခု လည်း ဖြစ်ပါတယ်။ အစမှာတော့ ခက်ခဲပေမယ့် ဒါဟာ မိမိရဲ့အားနည်းချက်ကို လွယ်လွယ်နဲ့ မြင်ပြီး ပြင်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

အသံနေ အသံထား လေ့ကျင့်ပြီးတဲ့ အခါမှာတော့ အမူအရာပိုင်းဆိုင်ရာကို လေ့ကျင့်ရပါမယ်။

 

Presentation လုပ်တဲ့နေရာမှာ ကြောက်တတ်တဲ့ တချို့သူတွေက စကားပြောရင်း လေသံတစ်တန်းတည်း ဖြစ်နေတာ၊ နားထောင်နေတဲ့ ပရိသတ်ဘက် မလှည့်ပဲ စာတွေပဲရွတ်သွားတာ၊ ကိုယ်နေဟန်ထားကို တောင့်တောင့်ကြီးနဲ့ ပြောဆိုနေတာကို မြင်ဖူးကြမှာပါ။ ဒါကတော့ ကိုယ်ပြောတာကို နားထောင်နေတဲ့ သူတွေ အမြင်မှာ တော်တော်တော့ တမျိုးတမည် ဖြစ်စေတဲ့ အမူအကျင့်တစ်ခုပါ။ ကျွန်မတို့ဟာ သရုပ်ဆောင် တစ်ယောက် မဟုတ်တဲ့အတွက် ကျွန်မတို့ရဲ့ ပြောပုံဆိုပေါက်တွေဟာ သရုပ်ဆောင် တစ်ယောက်လို စင်းလုံးချော ဖြစ်နေဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ပြောမယ့် စကားနဲ့ အကြောင်းအရာ တွေကို နားထောင်မယ့်သူတွေဟာ ကျွန်မတို့ရဲ့ အမူအရာကို အတိုင်းအတာ တစ်ခုထိ ကြည့်နေကြလိမ့်မယ် ဆိုတာလည်း သိထားဖို့လိုပါတယ်။

 

သိပ္ပံနည်းကျလေ့လာမှုတွေ အရဆိုရင် လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့နေရာမှာ ၉၃ ရာခိုင်နှုန်းက အမူအရာ၊ ကိုယ်နေဟန်ထား နဲ့ မျက်နှာပေး (body language လို့ပြောနိုင်ပါတယ်) ကနေပြောလိုတဲ့ အကြောင်းအရာကို လက်ခံ နာယူကြတာဖြစ်ပြီး ကျန်တဲ့ ၇ ရာခိုင်နှုန်းကိုသာ အသံကနေ ခံစားသိရှိ တုံ့ပြန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် body language အဆင်ပြေကောင်းမွန်နေဖို့ အတွက် ပထမဆုံးလုပ်သင့်တာက ကျွန်မတို့ စကားပြောတာကို မှန်ကြည့်ပြီး လေ့ကျင့်ပါ။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကိုယ်ဖြစ်နေချင်တဲ့ ပုံစံအတိုင်း ပြုံးတာ၊ တည်တာ၊ လက်အမူအရာ၊ ကိုယ်အမူအရာတွေ လေ့ကျင့်ကြည့်ပါ။ နာမည်ကြီး ပုဂ္ဂိုလ်တွေထဲက စကားပြောကောင်း သူတွေရဲ့ပြောဆိုပုံတွေကို နည်းယူပြီး ကိုယ့်ပုံစံတစ်ခုကို ကြိုးစားတည်ဆောက်ကြည့်ပါ။

 

မေးခွန်းတွေအတွက် မကြောက်ပါနဲ့။

 

Presentation တစ်ခုပြောတော့မယ်ဆိုရင် လူတွေ ကြောက်တတ်တဲ့အရာ နောက်တစ်ခုကတော့ မေးခွန်းတွေ မဖြေနိုင်မှာ စိုးရိမ်တာပါပဲ။ ဒါကလည်း လူ့သဘာဝပါ။ Presentation ပြောတဲ့သူတစ်ယောက် အနေနဲ့ မိမိ ပြောဆိုရမယ့် အကြောင်းအရာပေါ်မှာ ပိုင်နိုင်စွာ လေ့လာထားဖို့ကတော့ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့မထင်မှတ်တဲ့ ရှုထောင့် ကနေလည်း မေးခွန်းတွေ ထွက်လာနိုင်တာကိုတော့ သတိရှိဖို့ လိုပါလိမ့်မယ်။ အဲ့ဒီလို အခြေအနေမျိုးတွေမှာ အကောင်းဆုံး လုပ်နိုင်တဲ့ အရာတစ်ခုကတော့ မကြောက်ဖို့ပါပဲ။ မသိတဲ့ မေးခွန်းတွေ အမေးခံရတဲ့ အခါမှာလည်း အတတ်နိုင်ဆုံး ပြုံးထားပါ။

 

ကျွန်မတို့ကို မေးခွန်းမေးတဲ့သူက သူတကယ်မသိလို့ မေးတာလည်း ဖြစ်နိုင်သလို တမင်တကာ စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ မေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တတ်နိုင်သမျှ ပြုံးပြီးတော့ပဲ ဖြေပါ။ တကယ် မသိတဲ့ အဖြေတွေ အတွက် မသိကြောင်း ဝန်ခံဖို့လည်း ဝန်မလေးပါနဲ့။ မေးလိုက်တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘက်က ပြန်ရှာပြီး အဖြေတစ်ခုပေးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အဓိကကတော့ ကျွန်မတို့ဘက်က ဟန်ချက် မပျက်ဖို့ပါပဲ။ တစ်ဖက်မှာလည်း မိမိပြောရမယ့် Presentation အပိုင်းကို သေချာနားလည်နေပါစေ။

 

ဘာသာစကားပိုင်းကိုလည်း အားဖြည့်ထားပါ။

 

ယနေ့ခေတ်မှာက အားလုံးသိကြတဲ့ အတိုင်း အစစအရာရာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတဲ့အချိန်ပါ။ သိသင့် သိထိုက်တဲ့ အရာတွေကို အချိန်နှင့်အမျှ လေ့လာနေတဲ့ တစ်ချိန်တည်းမှာပဲ ဘာသာစကား စွမ်းရည်ရဲ့ ထိရောက်မှုဟာလည်း အတော်လေး အရေးပါလှပါတယ်။ အရည်အချင်း ရှိတာချင်းအတူတူ ဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ) ကျွမ်းကျင်မှုဟာ အတော်လေး ကွာခြားမှုှု ရှိစေပါတယ်။ နိုင်ငံရပ်ခြားမှာပဲ နေလာတဲ့ မြန်မာလူမျိုး တစ်ယောက်လို အင်္ဂလိပ်စာကို လေယူလေသိမ်းက အစ လုံးဝကြီး ချောမွေ့နေဖို့လည်း သိပ်တော့ မလိုအပ် လှပါဘူး (ဖြစ်ရင်တော့ အကောင်းဆုံးပေါ့)။ကျွန်မတို့ရဲ့အင်္ဂလိပ်စာ အရည်အချင်းဟာ သဒ္ဒါမှန်ကန်စွာနဲ့ ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်နေရင်ပဲ တော်တော်လုံလောက်နေပါပြီ။

 

နောက်ဆုံးနည်းလမ်းလေးကတော့ ကျွန်မတို့ presentation ပြောနေတုန်းမှာ ရင်းနှီးတဲ့ သူငယ်ချင်း (သို့မဟုတ်) အသိတစ်ယောက်ယောက်ကို မကြာခဏ စိုက်ကြည့်ကြည့်ဖို့ပါပဲ။ါကတော့ အရမ်းကြောက်တတ်တဲ့သူတွေ အတွက် အသုံးဝင်နိုင်တဲ့ နည်းလေးတစ်ခုပါ။ ကျွန်မတို့ဟာ လူကြားထဲ စကားပြောရမှာ ကြောက်တယ်၊ ယုံကြည်မှု အလွန်နည်းနေရင်တော့ ကျွန်မတို့ကို ယုံကြည်တဲ့၊ ကျွန်မတို့ အစွမ်းအစကို သိတဲ့သူတစ်ဦးဦးကို မကြာခဏကြည့်နေရင် အလိုလို ယုံကြည်မှုတွေ တက်လာ တတ်ပါတယ်။ တစ်ဖက်လူကလည်း သူများကို ယုံကြည်မှု၊ အားပေးမှု ပေးတတ်တဲ့ သူဆိုရင်တော့ ပိုအဆင်ပြေမှာပါ။

 

(သူ့ကိုတော့ ကြိုပြောထားရမှာပေ့ါနော်)ဒါကတော့ Presentation တစ်ခု ချောမွေ့စွာ ပြောဆိုနိုင်ဖို့အတွက် လိုအပ်တဲ့နည်းလမ်း ကောင်းလေး တွေပါ။

 

Aung Myin Online Learning

Read times
Rate this item
(0 votes)